International News

အိန္ဒိယသည် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန်အတွက် ယူအေအီးနိုင်ငံနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ လက်မှတ်ထိုးခဲ့

Last Updated:

အိန္ဒိယနှင့် UAE တို့သည် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုပိုမိုမြှင့်တင်ရန်အတွက် အဓိကသော့ချက်ဖြစ်သည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (Bilateral Investment Treaty-BIT)ကို ဝန်ကြီးချုပ် Narendra Modi နှင့် UAE ၏သမ္မတ Sheikh Mohamed bin Zayed Al Nahyan တို့၏ ရှေ့တွင်  အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့သည်။

ယခုသဘောတူညီချက်သည် နှစ်နိုင်ငံစလုံး၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရေးအတွက် အဓိကကျသည့်အချက်ဖြစ်လာမည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယသည် UAE နှင့် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှု သဘောတူစာချုပ်နှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုလအစောပိုင်းတွင်၊ နယူးဒေလီရှိ ပြည်ထောင်စုအစိုးရအဖွဲ့သည် UAE နှင့် BIT လက်မှတ်ရေးထိုးခြင်းကို အတည်ပြုချက်ပေးခဲ့သည်။

BIT သည် ရင်းနှီးမြုပ်နှံသူများ အထူးသဖြင့် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(ODI) အခွင့်အလမ်းများတိုးမြင့်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်အလုပ်အကိုင်ဖန်တီးမှုအပေါ် အပြု သဘောဆောင်သော အကျိုးသက်ရောက်မှုများလည်း ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

UAE နှင့် BIT ချုပ်ဆိုခြင်းသည် အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခြင်းအပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးခြင်း၊ သွင်းကုန်မှီခိုအားထားမှုကို လျှော့ချခြင်းနှင့် ပို့ကုန်တိုးမြှင့်ခြင်းတို့ဖြင့် မိမိကိုယ်ကိုအားထားနိုင်မှု(Atmanirbhar Bharat)ပန်းတိုင်ကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူဖြစ်နိုင်ဖွယ်ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် အစောပိုင်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ကြီးမားသော ကုန်သွယ်မိတ်ဖက်နိုင်ငံဖြစ်ခြင်း၊ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ခြင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးတို့အတွက် အလားတူနှစ်နိုင်ငံအကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသဘောတူစာချုပ်များချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

Source : India signs BIT with UAE to further promote investments, The Economic Times, 13 February 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News