International News

ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ ကုန်သွယ်မှုဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ရောက်ရှိမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖွယ်ရှိ

Last Updated:

အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော ကုန်သွယ်ရေး မစ်ရှင်သည် လာမည့်သတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကုန်သွယ်ရေးအရာရှိမှ ၉-၃-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ လာရောက်မည့် ကိုယ်စားလှယ်များတွင် စီးပွားရေးလုပ်ငန်းစု ၂၂ ခုမှ ကိုယ်စားလှယ်များ၊ မဟာဗျူဟာကဏ္ဍမှ C-Level အဆင့် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ နိုင်ငံခြားကုန်သွယ်မှု အရာရှိမှ ပြောကြားခဲ့ပါသည်။ မစ်ရှင်အား အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Gina Raimondo မှ ဦးဆောင်၍ လာရောက်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ သမ္မတမားကို့စ်၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများအရ သမ္မတဂျိုးဘိုင်ဒန်မှ အဆင်မြင့်ကိုယ်စားလှယ်များ ပါဝင်သည့် ကုန်သွယ်ရေးမစ်ရှင်အား ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်သွားမည်ဆိုသော ကတိကဝတ်များရှိခဲ့ကြပြီး ယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အမေရိကန်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် သမ္မ တမားကို့စ်နှင့် သမ္မတနန်းတော်တွင် တွေ့ဆုံသွားရန် စီစဉ်ထားရှိထားကြောင်းလည်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Alfredo Pascual မှ ပြောကြားခဲ့ပါသည်။

အမေရိကန်သည် ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံထိပ်တန်း (၃) နိုင်ငံတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိပြီး ဂျပန်နှင့် တရုတ်မှ ပထမနှင့် ဒုတိယနေရာပြီးတွင် ရပ်တည်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ASEAN-China FTA ဖြင့် ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဂျပန်၊ တရုတ်နှစ်နိုင်ငံစလုံးသည် RCEP ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အဆိုပါ ASEAN-China FTA နှင့် RCEP ဆိုင်ရာ သဘောတူညီချက်များအရ  အကောက်ခွန်နှုန်း သက်သာခွင့်များလည်း ရရှိထားပြီး ဖိလစ်ပိုင် ပို့ကုန်တင်ပို့သူများ အနေဖြင့် ဈေးကွက်ချိတ်ဆက်မှုများလည်း ရရှိထားကြောင်း  ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများတွင် ၁၃ နိုင်ငံမြောက်တွင် ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်တွင် အလုပ်လုပ်ကိုင်နိုင်သူဦးရေ (Young Working Population) သည် ၇၈ သန်းထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ အတိုးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှ ဖိလစ်ပိုင်နိုင်ငံသည် အခြားသော အာဆီယံနိုင်ငံများကြား ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်တည်ငြိမ်လျက် ရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း အစိုးရ၏ အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များ မြှင့်တင်သုံးစွဲခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခြင်း၊ ပြည်တွင်းလောင်စာဆီ ဝယ်လိုအား ခိုင်မာအားကောင်းလာခြင်းတို့ကြောင့် စီးပွားရေးတွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်ရရှိလာနိုင်ကြောင်း United States Department of Agriculture အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ဖက် ထိပ်တန်း ၃ နိုင်ငံတွင် ပါဝင်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ Business Climate တို့အပေါ် တွက်ချက်အခြေခံ၍ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုအား တိုးမြှင့်သွားရန် စိတ်ဝင်စားလျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source; https://pco.gov.ph/news_releases/ph-sees-stronger-business-partnership-with-us-with-the-arrival-of-high-level-american-delegation/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News