အမေရိကန်သမ္မတ၏ သွင်းကုန်ခွန်စည်းကြပ်ကောက်ခံမှု အစီအစဉ်သစ်များကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအပေါ် မတည်ငြိမ်မှုများဖြစ်ပေါ်စေကာ ကမ္ဘာတစ်ဝှမ်းရင်းနှီးမြှုပ်နှံသူများ ကလည်း စိုးရိမ်လာကြပြီး စတော့ရှယ်ယာဈေးနှုန်းသည် ၁၀-၃-၂၀၂၅ ရက်တွင် ကျဆင်းခဲ့ပါကြောင်း၊ S&P 500 အညွှန်းကိန်းသည် ၁၀-၃-၂၀၂၅ ရက်တွင် ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်လနှင့် နှိုင်း ယှဉ်ပါက ၉ ရာခိုင်နှုန်းအထိ စံချိန်တင်ကျဆင်းခဲ့ပါကြောင်း၊ နည်းပညာကုမ္ပဏီများ၏ အစုရှယ်ယာ အများစုကို ကိုယ်စားပြုသည့် Nasdaq အညွှန်းကိန်းသည် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Alphabet ၊ Apple နှင့် Nvidia တို့၏ အစုရှယ်ယာဈေးနှုန်းသည် ၄ ရာခိုင်နှုန်းကျော် အသီးသီး ကျဆင်းခဲ့ ပါကြောင်း၊ ၁၀ နှစ်သက်တမ်းရှိ အမေရိကန်ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် (၄.၂၂) သို့ ကျဆင်းခဲ့သော်လည်း ငွေတိုက်စာချုပ်ဈေးနှုန်းမှာ မြင့်တက်ခဲ့ကြောင်း၊ အစုရှယ်ယာဈေးနှုန်းနှင့် အတိုးနှုန်းတို့ ပြိုင်တူကျဆင်းခြင်းသည် စီးပွားရေးအရစိုးရိမ်ရသည့် အခြေအနေကို ဖော်ပြလျက် ရှိပါကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း မော်တော်ယာဉ်လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍသုံး ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကောက်ခံမှု အသက်မဝင်မီ မိနစ်ပိုင်းအလိုတွင် ဖြေလျော့ပေးခဲ့ခြင်းမှာလည်း ရင်းနှီးမြှုပ်နှံသူများ၏မသေချာမှုကို မြင့်မားစေခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏စိုက်ပျိုးရေးသွင်းကုန်များဖြစ်သည့် ကြက်သား၊ ဂျုံနှင့် ပြောင်းသွင်းကုန်များအပေါ် ၁၅ ရာခိုင်နှုန်းနှင့် ပဲပုပ်၊ ဝက်သား၊ အမဲသားနှင့် သစ်သီး အပေါ် ၁၀ ရာခိုင်နှုန်း အသီးသီး တန်ပြန်သွင်းကုန်ခွန်ကောက်ခံမှုသည် ၁၀-၃-၂၀၂၅ ရက် မတိုင်မီနှင့် သင်္ဘောတင်ပြီး ၁၂-၄-၂၀၂၅ ရက်မတိုင်မီ တရုတ်နိုင်ငံသို့တင်သွင်းခဲ့ပါက သွင်းကုန်ခွန်စည်းကြပ်မည်မဟုတ်သော်လည်း ယင်းရက် နောက်ပိုင်းတွင် ဝင်ရောက်ပါက သွင်းကုန်ခွန်စည်းကြပ်မှု အသက်ဝင်မည်ဖြစ်သကဲ့သို့ အမေရိကန် ကုမ္ပဏီ ၁၅ ခုအား အထူးခွင့်ပြုချက်မရှိဘဲတရုတ် ကုန်ပစ္စည်းများဝယ်ယူခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ယင်းကုမ္ပဏီများတွင် အမေရိကန်တပ်မတော်သုံး ဒရုန်းထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုပါဝင်နေကြောင်း၊ ထပ်မံ၍ အမေရိကန်ကုမ္ပဏီ ၁၀ ခုအား တရုတ်နိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ကြောင်း တရုတ်နိုင်ငံကထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံ၏စီးပွားရေးအခြေအနေသည် မသေချာမှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်သမ္မတ၏ သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်းအပေါ် တုံ့ပြန်မှုအဖြစ် ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်အစိုးရကလည်း ၁၀-၃-၂၀၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား၊ နယူးယောက်နှင့် မီချီဂန်ပြည်နယ်များကို ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားခအပေါ် ၂၅ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ အမေရိကန်သမ္မတ၏ သွင်းကုန်ခွန်ကောက်ခံမှုသည် အမေရိကန်နိုင်ငံသားမိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းမြင့်မားစေကြောင်း၊ သွင်းကုန်ခွန်ကောက်ခံမှုကို ပယ်ဖျက်ပြီးမှသာ လျှပ်စစ်ဓာတ်အားခတိုးမြှင့်မှုကို ရုပ်သိမ်းပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါကြောင်း၊ အွန်တေရီယိုပြည်နယ်အစိုးရ၏ ဈေးကွက်လုပ်ထုံးလုပ်နည်းအရ အမေရိကန်နိုင်ငံသို့ ရောင်းချသည့် လျှပ်စစ်ဓာတ်အားခအပေါ် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ယင်းသို့တိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်နယ်အစိုးရသည် တစ်ရက်လျှင် ကနေဒါဒေါ်လာ ၃ သိန်းမှ ၄ သိန်းအထိ (အမေရိကန်ဒေါ်လာ ၂၀၈,၀၀၀ မှ ၂၇၇,၀၀၀ အထိ) ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ။