International News

Tesla ၏ အစုရှယ်ယာဈေးနှုန်း ထိုးကျခဲ့ခြင်း

Last Updated:

အစိုးရလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ရေးဝန်ကြီးဌာန (Department of Government Efficiency, DOGE) ခေါ် ဌာနသစ်ကိုဦးဆောင်လျက်ရှိသည့် သန်းကြွယ်သူဌေး Elon Musk ပိုင်ဆိုင်သော Tesla လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီ၏အစုရှယ်ယာဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှစ၍ အနိမ့်ဆုံးသို့ကျဆင်းခဲ့ပြီး ၁၀-၃-၂၀၂၅ ရက် ညနေပိုင်းတွင် (၁၅) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါကြောင်း၊ အမေရိကန်သမ္မတ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအပေါ် ရန်ပုံငွေထောက်ပံ့မှုနှင့် သမ္မတနှင့် အနီးကပ်အကြံပေးအဖြစ် ဆောင်ရွက် ရသည့်ဆက်ဆံရေးများကြောင့် Elon Musk သည် မောင်းသူမဲ့မော်တော်ယာဉ်နည်းပညာနှင့်ပတ်သက် သော လုပ်ထုံးလုပ်နည်းဆိုင်ရာအဟန့်အတားများကို ကျော်လွှားရန်ကူညီနိုင်လိမ့်မည်ဟု ရင်းနှီးမြှုပ်နှံ သူများကယူဆခဲ့ကြကြောင်း၊ သို့ရာတွင် လတ်တလော၌ ကုမ္ပဏီ၏ မော်တော်ယာဉ်ရောင်းအား ကျဆင်းခဲ့ခြင်းကြောင့် Elon Musk သည် ကုမ္ပဏီကို စီမံခန့်ခွဲရန် အချိန်မပေးနိုင်ဟု ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လာခဲ့ကြကြောင်း၊ ထို့အပြင် အစိုးရဝန်ထမ်းများလျှော့ချခြင်း၊ နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် အစိုးရ၏အခြားအစီအစဉ်များကို လျှော့ချမှုများပြုလုပ်ခဲ့ရာ လူထုဆန္ဒပြမှုများနှင့် ကြုံတွေ့လျက်ရှိကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း Tesla ဓာတ်အားသွင်းရုံကိုမီးရှို့ခြင်း၊ Tesla မော်တော်ယာဉ်အရောင်းပြခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခြင်းနှင့် အရောင်းပြခန်းအတွင်း၌ အကြမ်းမဖက်ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ခြင်းများ ဖြစ်ပွားခဲ့ပြီး ဂျာမနီရှိ Tesla ရောင်းအားသည် (၇၆) ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် Tesla  မော်တော်ယာဉ်ထုတ်လုပ်သည့် အကြီးဆုံး စက်ရုံကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် တည်ဆောက်ထားရာ အမေရိကန်နှင့် တရုတ်ကုန်သွယ်မှု ပဋိပက္ခအတွင်း အခြားမော်တော်ယာဉ်ကုမ္ပဏီများနှင့်ယှဉ်ပါက ထိခိုက်နစ်နာမှု နည်းပါးနိုင်သော် လည်း အမေရိကန်-တရုတ်ဆက်ဆံရေးဆိုးရွားလာပါက ဓားစာခံဖြစ်လာနိုင်သည်ဟု လေ့လာသူများ က ယူဆလျက်ရှိကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ။

Category: International News