International News

ထိုင်းနိုင်ငံ၌ အိမ်ခြံမြေပိုင်ဆိုင်မှု (Property) နှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်အသစ်များ အတွက် အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ပြောင်းရွှေ့ကြေးနှုန်းထားအသစ် အပါအဝင် အိမ်နှင့် ကွန်ဒိုအခန်း လွှဲပြောင်းမှုနှင့် ပေါင်နှံမှု (Mortgage) မှတ်ပုံတင်ကြေး အကျိုးခံစားခွင့်များအတွက် ဘတ် ၇ သန်း အထိ ကန့်သတ်ချက်တိုးမြှင့်ခြင်းဆိုင်ရာ အိမ်ခြံမြေပိုင်ဆိုင်မှု အစီအမံများကို ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့က အိမ်ပိုင်ဆိုင်မှုမြှင့်တင်ရန်နှင့် အိမ်ခြံမြေကဏ္ဍနှင့် ဆက်စပ်စီးပွား‌ရေးလုပ်ငန်း များကို လှုံ့ဆော်ပေးရန်ဖြစ်ကြောင်း၊ အစီအမံများတွင် ငွေလွှဲခကို ငွေလွှဲတန်ဖိုး၏ ၂ ရာခိုင်နှုန်းမှ ၀.၀၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပေါင်နှံမှုမှတ်ပုံတင်ကြေးကို ငွေလွှဲတန်ဖိုး၏ ၁ ရာခိုင်နှုန်းမှ ၀.၀၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးလျှော့ချပေးခဲ့ပါကြောင်း၊ လုံးချင်းအိမ်များ၊ နှစ်ထပ်အိမ်များ၊ Town-house များ၊ လုပ်ငန်းသုံးအဆောက်အအုံများ၊အဆောက်အဦးပါ မြေကွက်နှင့် ကွန်ဒိုအခန်းများကို ဝယ်ယူသည့် ဈေးနှုန်းနှင့် တန်ဖိုးသည် ဘတ် ၇ သန်းထက်မပိုသော အိမ်ရာ ရောင်းချမှုများလည်း အကျုံးဝင်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Krisada Chinavicharana က ပြောကြားခဲ့သည်။

ပေါင်နှံငွေပမာဏသည် စာချုပ်တစ်ခုလျှင် ဘတ် ၇ သန်းထက်မပိုရပါကြောင်း၊ အစီအမံများ ဆောင်ရွက်ခြင်းသည် အိမ်ခြံမြေပိုင်ဆိုင်မှု ဝယ်ယူသူများအပေါ် ဝန်ထုပ်ဝန်ပိုးကို လျော့နည်း စေရန်ဖြစ်ပြီး နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် အိမ်ခြံမြေကဏ္ဍကို လှုံ့ဆော်ပေးရန် ဖြစ် ကြောင်း၊ လက်ရှိလျှော့ချခြင်းနှင့် ကိုက်ညီသူသည် ဘတ် ၃ သန်းထက်မပိုရပါကြောင်း၊ အစီအ မံအသစ်များသည် ထိုင်းနိုင်ငံသားသီးသန့်သာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အကျုံးဝင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ဦးချင်းအခွန်ပေးဆောင်သူများ အိမ်ဆောက်လုပ်လိုပါက ကန်ထရိုက်တာကို ပေးချေသည့် ဆောက်လုပ်မှု ကုန်ကျစရိတ်ပေါ်တွင် အခွန်နုတ်ယူမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျ စရိတ် ဘတ် ၁ သန်းလျှင် ဘတ် ၁၀,၀၀၀ ဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည့် အခွန်နှစ် (Tax year) တွင် အိမ် ၁ လုံး၏ ဆောက်လုပ်မှုကုန်ကျစရိတ်အတွက် ဘတ် ၁၀၀,၀၀၀ ထိ အခွန်နုတ်ယူမည်ဖြစ်ကြောင်း၊ စာချုပ်ကို စတင်ဆောင်ရွက်ထားရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အီလက်ထရောနစ်စနစ်ဖြင့် ပေးချေထားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြားအစီအမံများမှာ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ဝင်ငွေနည်းသူများအတွက် အိမ်ရာစီမံကိန်းမြှင့်တင်ပေးခြင်းများ ပါဝင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁၀၀ ရာခိုင်နှုန်း (မြေနှင့် လုပ်ငန်းအရင်းအနှီးမပါဝင်) ကို ၃ နှစ်ကြာ အခွန်ကင်းလွတ်ခွင့် အပါအဝင် ဝင်ငွေနည်းသူများအတွက် အိမ်ခြံမြေဆောက်လုပ်သူများကို အခွန်ခံစားခွင့်များပေးရန် ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့က ကြေညာခဲ့ပါကြောင်း၊ အဆိုပါ အခန်းများမှာ မြေတန်ဖိုး အပါအဝင် ဘတ် ၁.၅ သန်း အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

အစီအမံသစ်များကြောင့် GDP ကို ၁.၇ ရာခိုင်နှုန်းမှ ၁.၈ ရာခိုင်နှုန်း၊ အိမ်ခြံမြေပိုင်ဆိုင်မှု အတွက် ငွေလွှဲမှုတန်ဖိုး ဘတ် ၈၀၀ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄၀၀ ဘီလီယံမှ ၅၀၀ ဘီလီယံကြား မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်ဟု ဘဏ္ဍာရေးမူဝါဒရုံး ညွှန်ကြား ရေးမှူးချုပ် Mr. Pornchai Thiraveja က ပြောကြားခဲ့ပါကြောင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုအစီအမံသစ်များကြောင့် နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍနှင့် စီးပွားရေးကို ရေရှည်တွင် အထောက်အကူပြုနိုင်ပါကြောင်း၊ အိမ်ဝယ်လိုအားနှင့် ဝယ်ယူမှုစွမ်းအားများကို လှုံ့ဆော်ပေးသကဲ့သို့ အိမ်ထောင်စုကြွေးမြီမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချေးငွေစည်းမျဉ်းစည်းကမ်းများပိုမိုတင်းကျပ်လာနိုင်သည်ဟု Sena Development ၏ မန်နေးဂျင်းဒါရိုက်တာ Ms. Kessara Thanyalakpark က သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံအစိုးရက အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်အခ လျှော့ချပေးမှု ဆောင်ရွက်ချက်များဖြစ်ပါသည်။ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာစီမံကိန်း ဆောက်လုပ် သူများရရှိခံစားနိုင်မည့် ခံစားခွင့်အသစ်များဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News