International News

Maldives သို့ သကြား၊ ဆန်နှင့် ကြက်သွန်နီများတင်ပို့ခွင့်ပြုခဲ့သည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အရ Maldives သို့ ဥများ၊ အာလူး၊ ကြက်သွန်နီ၊ ဆန်၊ ဂျုံမှုန့်၊ သကြား၊ ပဲမျိုးစုံ၊ ကျောက်ခဲမျိုးစုံ(stone aggregate)နှင့် မြစ်မှရယူသောသဲ (river sand)တို့ကို တင်ပို့ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် အဆိုပါထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချခွင့်အား လတ်တလောတွင် တားမြစ်ကန့်သတ်ထားခြင်းဖြစ်သည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အဆိုပါထုတ်ကုန်များကို သတ်မှတ်သောအရေအတွက် ကန့်သတ်ချက်အရသာတင်ပို့ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတည်ဆဲနှင့် အနာဂတ်တွင် ပြုလုပ်မည့်ပို့ကုန်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ဥမျိုးစုံအရေအတွက် ၄၂၇.၅၄ သန်း၊ အာလူးကို ၂၁၅၁၃.၀၈ တန်၊ ကြက်သွန်နီကို ၃၅၇၄၉.၁၃ တန်၊ ဆန်ကို ၁၂၄၂၁၈.၃၆ တန်၊ ဂျုံမှုန့်ကို ၁၀၉၁၆၂.၉၆ တန်၊ သကြားကို ၆၄၄၉၄.၃၃ တန်နှင့် ပဲမျိုးစုံကို ၂၂၄.၄၈ တန်အထိ အများဆုံးတင်ပို့ခွင့်ပြုထားကြောင်းသိရသည်။ ကျောက်ခဲမျိုးစုံနှင့် သဲကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် အများဆုံးတန်ချိန် ၁၀ သိန်းသာတင်ပို့ခွင့်ပြုရန် အစိုးရမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

သို့သော် သဲနှင့် ကျောက်ခဲမျိုးစုံတင်ပို့မှုနှင့်စပ်လျဉ်း၍ ထုတ်လုပ်တင်ပို့ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါထုတ်ကုန်များထုတ်လုပ်သည့်နေရာသည် ကန့်သတ်ဧရိယာများအတွင်းမဖြစ်ရန်လိုအပ်ပြီး၊သက်ဆိုင်ရာဌာနများ၏ ကင်းရှင်းကြောင်းထောက်ခံချက်များ ရယူဆောင်ရွက်သွားရမည်ဟုဆိုသည်။ ပြည်နယ်အစိုးရများ၏သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းနှင့် ကန့်ကွက်ရန်မရှိကြောင်း အသိအမှတ်ပြုလက်မှတ်များကိုလည်း ရယူရန်လိုအပ်ကြောင်း သိရသည်။

Maldives သည် ၎င်း၏ဒုတိယ Aviation platform တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အိန္ဒိယစစ်တပ်အရာရှိများကို ယခုနှစ် မေလ ၁၅ ရက်နေ့နောက်ဆုံးထား၍ အစားထိုးထွက်ခွာရန် ပန်ကြားထားပြီး၊ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လတ်တလောတွင် အိန္ဒိယစစ်တပ်အရာရှိအချို့နေရပ်ပြန်လာကြပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် လတ်တလောတွင် ပြည်ပတင်ပို့ခွင့်ရပ်ဆိုင်းထားသော ထုတ်ကုန်အချို့ကို Maldives သို့ ကန့်သတ်ချက်ဖြင့် တင်ပို့ရောင်းချခွင့်ပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆေးဝါးသယ်ယူပို့ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယစစ်တပ်မှ လေကြောင်းဆိုင်ရာအရာရှိ (၈၀)ဦးကို စေလွှတ်ထားသည့်အပေါ် Maldives သမ္မတသစ်မှ သဘောမတူသည့်အတွက် အရပ်သားအရာရှိများနှင့်အစားထိုးပေးရန် နှစ်ဖက်အစိုးရမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။  The Hindu Businessline, India allows sugar, rice and onion exports to Maldives, April 05, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News