International News

ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ဖိလစ်ပိုင်အစိုးရမှ အဖြေရှာဖွေလျက်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီတစ်ကီလိုလျှင် ပီဆို-၂၀၀(၃.၅ အမေရိကန်ဒေါ်လာ) ခန့်ထိ မြင့်တက်လာခဲ့ခြင်းအပေါ် အစိုးရအနေဖြင့် ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေ လျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရအောက်လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ပါသည်။

ကြက်သွန်နီကုန်သည်များနှင့် ပစ္စည်းသိုလှောင်ထားသူများအနေဖြင့် ဈေးကွက်အတွင်းသို့ အချိန်မီ ဖြန့်ချိရောင်းချပေးသွားရန်နှင့် ထိုသို့မဟုတ်ပါက သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့အစည်း များဖြင့် ၎င်းတို့၏လက်ကျန်ကြက်သွန်နီများကို ရှာဖွေမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

အဆိုပါ အကြောင်းတရားကြောင့် မဟုတ်ပါက ကြက်သွန်နီတင်သွင်းမှုအား သမ္မတမားကို့စ်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ကြက်သွန်နီ တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူများမှာ ၎င်းတို့၏လက်ထဲတွင် အချိန်ကြာမြင့်စွာ မထားကြပဲ ထုတ်ရောင်းကြပါကြောင်း၊ ထို့ကြောင့် ယခုကာလသည် ကြက်သွန်နီဈေးနှုန်း ချိုသာစွာရရှိမည့် ကာလ ဖြစ်ပါကြောင်း၊ အစိုးရနှင့် ကြက်သွန်နီတင်သွင်းသူ များအနေဖြင့် တစ်ကီလိုလျှင် ပီဆို-၉၀ ခန့်  ဖြင့် ရောင်းချနိုင်သည့် အချိန်ကာလဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ကြက်သွန်နီဈေးနှုန်း တစ်ကီလိုလျှင် ပီဆို-၈၀၀ ထိ မြင့်တက်သွားသည့်အတွက်ကြောင့် အစိုးရမှ ယခုနှစ် အစောပိုင်းကာလများက ကြက်သွန်နီမက်ထရစ်တန်ချိန် ၂၁,၆၀၀ တင်သွင်းရန် ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ အစိုးရလွှတ်တော်များအနေဖြင့် အနောက်ဖိလစ်ပိုင်ပင်လယ်ရေပိုင်နက်ပြဿနာ၊ ဘီလီဘစ် အကျဉ်းထောင်ပြဿနာတို့အား ကိုင်တွယ်ဖြေရှင်းနေသည်ကို အခွင့်ကောင်းယူပြီး ကြက် သွန်နီကုန်သည်များနှင့် ကုန်ပစ္စည်းသိုလှောင်သိမ်းဆည်းထားသူတို့မှ ဈေးကွက်အတွင်းဈေးကစား နေခြင်းဖြစ်သည်ဟု ခန့်မှန်းရပါကြောင်းဖော်ပြပါရှိပါသည်။

ကြက်သွန်နီတင်သွင်းခွင့်ပြုလိုက်ခြင်းက ကြက်သွန်နီကုန်သည်များနှင့် ကုန်ပစ္စည်းသိုလှောင်ထားရှိသူများကို ကြက်သွန်နီများ ဈေးကွက်အတွင်း ဖြန့်ချိစေမည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်လျှင် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာနိုင်ပါကြောင်း၊ အကယ်၍ ကုန်သည်များမှ ဈေးကွက်အတွင် မရောင်းချပဲ သိုလှောင်သိမ်းဆည်းထားမည်ဆိုပါက အစိုးရမှ ကြက်သွန်နီတင်သွင်း ခွင့်ပြုလိုက်ခြင်းဖြင့် ဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင် ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဈေးနှုန်းစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ဈေးနှုန်းထုတ်ပြန်ချက်အရ မြို့တော် မနီလာမြို့ရှိ ဈေးကွက်တွင် ကြက်သွန်နီ(ဒေသထွက်)ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၁၉၀ ခန့်ရှိပြီးလွန်ခဲ့သောရက်သတ္တပတ်ကဈေးနှုန်းမှာ ပီဆို-၂၀၀ ဖြစ်သဖြင့် အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ပါကြောင်း၊ ကြက်သွန်ဖြူ(ဒေသထွက်)ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၁၇၀ ရှိပြီး လွန်ခဲ့သောရက်သတ္တပတ်က ပီဆို-၁၈၀မှ ကျဆင်းခဲ့ခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

 

Source;https://www.cnnphilippines.com/news/2023/8/10/tulfo-increasing-onion-prices.html?utm_source=izooto&utm_ medium=push  notifications&utm_campaign=Tulfo%20onion%20prices

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News