Local News

မအူပင်မြို့နယ်တွင် ငါးရံ့ခြောက်များဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့က ဝယ်ယူမှု အားကောင်းနေသဖြင့် ဈေးကောင်းရပြီး အရောင်းအဝယ်သွက်နေကြောင်း မအူပင်မြို့နယ်မှ ငါးရံ့ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်မှ ကုန်သည်များက ဩဂုတ်လအတွင်း ဝယ်ယူမှုအားကောင်းနေသဖြင့် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၁၅၀ ထိ တင်ပို့ရောင်းချနေရကြောင်း၊ အဆိုပါ ငါးရံ့ခြောက်များ အမှာများနေခြင်းကြောင့် ငါးရံ့ခြောက်သိုလှောင်ထားသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

   “အရင်နှစ်တွေကထက် ဒီနှစ်ကငါးခြောက်အထွက်နှုန်း ကောင်းပါတယ်။ ဒီနှစ်အတွက် ပွင့်လင်းရာသီက အများအပြားလုပ်ခဲ့တာ။ အခု အရောင်းအဝယ်သွက်‌တော့ ငါးရံ့ခြောက်သိုလှောင်ထားသူတွေ အဆင်ပြေပါတယ်။ ငါးရံ့ခြောက်တွေကို ရန်ကုန်မြို့ဈေးကွက်က ကုန်သည်တွေ မှာယူနေတော့တင်ပို့ရောင်းချနေရလို့ အဆင်ပြေနေတာဖြစ်ပါတယ်။ ဒီနှစ် မိုးကာလမှာရောင်းချဖို့အတွက် ငါးရံ့ခြောက်တွေကိုလုပ်ထားတာ အများကြီးရှိပါတယ်” ဟု မအူပင်မြို့မှ ငါးရံ့ခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်စုလှိုင်က ပြောပြသည်။

     မအူပင်မြို့နယ်တွင် ငါးရံ့ခြောက်များကို အချိုခြောက်နှင့် ဆားလတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးရံ့ခြောက်အကြီး တစ်ပိဿာလျှင် ငွေကျပ် ၇၁၀၀၀၊ ငါးရံ့ခြောက်အလတ် တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀၀၊ ငါးရံ့ခြောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိဈေးပေါက်နေကြောင်း ငါးရံ့ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News