International News

ဂျာမန်ဘတ်ဂျက်သည် ပရမ်းပတာဖြစ်နေပြီး လာမည့်နှစ် ၂၀၂၄ ခုနှစ်အတွက် အသုံးစရိတ်ရေးဆွဲမှုအပေါ် ဆန္ဒမဲမပေးနိုင်ခဲ့

Last Updated:

ဂျာမန်ပါလီမန်တွင် ယခုနှစ် နှစ်မကုန်မီ နိုင်ငံ၏ ၂၀၂၄ ဘတ်ဂျက်အပေါ် ဆန္ဒမဲပေးရန် အချိန်ရှိမည် မဟုတ်တော့ကြောင်း ဝန်ကြီးချုပ် Mr. Olaf Scholz ၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD)မှ ဝါရင့်လွှတ်တော်အမတ်တစ်ဦးဖြစ်သော Ms. Katja Mast က ပါတီဝင်များထံ ပေးပို့ခဲ့သည့် စာတို တစ်စောင်တွင်ရေးသားထားခဲ့သည်ကို သတင်းအေဂျင်စီများစွာမှ ၇-၁၂-၂၀၂၃ ရက်တွင်မြင်တွေ့ ခဲ့ကြသည်။ ယင်းစာတွင် Ms. Katja Mast က ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်မှာမူ ယခုနှစ်အတွင်း အချိန်မီ အပြီး သတ်နိုင်တော့မည်မဟုတ်ကြောင်း ရေးသားထားခဲ့ပါသည်။

သို့သော်လည်း ပါတီခေါင်းဆောင်များအကြား ဆွေးနွေးမှုများအရ လာမည့်ရက်များအတွင်း ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်မည်ဟု ဝန်ကြီးချုပ် Mr. Scholz က ယုံကြည်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အစိုးရ၏ အသုံးစရိတ်အစီအစဉ်အချို့ကို ဖယ်ထုတ်ကန့်သတ်လိုက်သည့် တရားရုံး၏ စီရင်ချက် ကို လိုက်နာကြသည့် SPD, Greens နှင့် FDP တို့ပါဝင်သော ဝန်ကြီးချုပ် Mr. Scholz ၏ သုံးပါတီ ညွန့်ပေါင်းအစိုးရအဖွဲ့သည် နိုင်ငံ၏ ဘတ်ဂျက်အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရပေသည်။

ညွန့်ပေါင်းအစိုးရအဖွဲ့အနေဖြင့် ယခင်ကထက် ယူရို ၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၃ ဘီလီယံ) လျော့နည်းသွားပြီဖြစ်သော ၂၀၂၄ ဘတ်ဂျက်အတွက် အဖြေကို ရှာဖွေရမည်ဖြစ်သည်။

Mr. Scholz သည် လက်ရှိတွင် ဒုတိယဝန်ကြီးချုပ် Mr. Robert Habeck (Greens)နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner (FDP)တို့နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ယင်းဆွေးနွေးပွဲမှာ ၈-၁၁-၂၀၂၃ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ SPD နှင့် Greens တို့ သည် FDP မှပယ်ချထားသည့် အမည်ခံ Debt Brake  ကို ထပ်မံဆိုင်းငံ့ထားစေလိုခဲ့သည်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူမှ ခရစ္စမတ်နေ့မတိုင်မီ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍ သဘောတူညီချက်တစ်ခုကို ရရှိထားပြီးဖြစ်နေလျှင်ပင် ဘဏ္ဍာရေးအစီအမံများ အတွက် ယခုနှစ်ပါလီမန်တွင် ဆွေးနွေးဆောင်ရွက်ရန် အချိန်ရှိမည်မဟုတ်တော့ပေ။

ယခုကိစ္စမှာ အကျပ်အတည်းတစ်ခုမဟုတ်ကြောင်းနှင့်  ယခုနှစ် နှစ်မကုန်မီ ပါလီမန်မှတစ်ဆင့် ဘတ်ဂျက်ရယူရန်လိုအပ်ကြောင်းကို ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က လျှော့ချ ပြောဆိုခဲ့သည်။ ထို့ပြင် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များ၌ ရည်မှန်းချက် အလွန်ကြီးမားကြသည့် အချိန်ဇယား ပန်းတိုင်များရှိကြပြီး၊ အချိန်နှင့် တပြေးညီဆောင်ရွက်တတ်ကြသူများ ဖြစ်ကြောင်း ကို ၎င်းအနေဖြင့် သတိပြုမိပါကြောင်း Mr. Christian Lindner က ဘရပ်ဆဲလ်မြို့တွင် ၇-၁၁-၂၀၂၃ ရက်၌ ပြောကြားခဲ့သည်။

လာမည့်နှစ် ဘတ်ဂျက်အတွက် ဖွဲ့စည်းပုံဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်တစ်ခု ရက်ပိုင်းအတွင်း ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်းနှင့် ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် ဘတ်ဂျက်ကိစ္စရပ်များမှာ အပြည့်အဝ မပြီးမြောက်သေးပါကြောင်း Mr. Lindner က ဆက်လက်ပြောကြားခဲ့သည်။

သဘောတူညီချက်မရရှိပါက ညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲသွားနိုင်သော်လည်း အဆိုပါ သဘောတူညီချက်တစ်ရပ်ရရှိရန်ကိစ္စအပေါ် ပါတီများအားလုံးက စိတ်ပါဝင်စားမှုရှိနေပြီး အာဏာဆက်လက်တည်မြဲရေးမှာ အားလုံး၏ အကျိုးစီးပွားဖြစ်နေကြောင်း လေ့လာသူအများစုက ပြောကြားထားပါသည်။  အကယ်၍ သဘောတူညီချက်မရရှိပါက လာမည့်နှစ်အတွက် ယာယီဘတ်ဂျက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိဖြစ်သော်လည်း ယနေ့(၈-၁၂-၂၀၂၃)ရက်အထိ ပါလီမန်အတွင်း ဘတ်ဂျက် အတည်မပြုရသေးပေ။ ညွန့်ပေါင်း အစိုးရအဖွဲ့ အတွင်းရှိ ပါတီ(၃)ခု၏ နောက်ခံအခြေအနေနှင့် ခံယူချက်များမှာ မတူညီကြသဖြင့် ဘတ်ဂျက်သဘောတူညီမှုရရှိရန် ခဲယဉ်းနေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

 

 

Source:         https://www.dw.com/en/german-budget-chaos-no-vote-on-2024-spending-this-year/a-67659587

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: International News