International News

ပူးပေါင်းဆောင်ရွက်မှုများပိုမိုဆောင်ရွက်နိုင်စေရေး တရုတ် - စင်ကာပူလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကို ထပ်မံအဆင့်မြှင့်သည့်အခြေပြစာချုပ် ချုပ်ဆို

Last Updated:

တရုတ်နိုင်ငံ၊ Tianjin မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးပူးတွဲကောင်စီအစည်းအဝေး(19th Joint Council for Bilateral Cooperation–JCBC Meeting)တွင် တရုတ်-စင်ကာပူလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကို ထပ်မံအဆင့်မြှင့်သည့်အခြေပြစာချုပ်(China-Singapore Free Trade Agreement(CSFTA)Further Upgrade Protocol)ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့ပါသည်။

CSFTA သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနှင့်ချုပ်ဆိုသည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံး နှစ်နိုင်ငံကုန်သွယ်မှုသဘောတူစာချုပ်ဖြစ်ပါသည်။ ယင်းစာချုပ်သည် ၂၀၀၉ ခုနှစ်တွင် အသက်ဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အဆင့်မြှင့်ခဲ့ပါသည်။ ယခုထပ်မံအဆင့်မြှင့်ရန်အတွက် စာချုပ်ဆွေးနွေးမှုများကို ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် JCBC အစည်းအဝေးတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဆွေးနွေးမှုများပြီးပြတ်ခဲ့ပါသည်။

ယခုထပ်မံအဆင့်မြှင့်သည့် အခြေပြစာချုပ်အရ တရုတ်နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍများတွင် စင်ကာပူစီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်ပိုမိုရရှိစေမည်ဖြစ်ပြီး ဆောက်လုပ်ရေး၊ လက်လီလက်ကားရောင်းဝယ်ရေး၊ ဗိသုကာနှင့် မြို့ပြစီမံကိန်းဝန်ဆောင်မှုစသည့်လုပ်ငန်းများအပါအဝင် ကဏ္ဍ ၂၂ ခုတွင် နိုင်ငံခြားသားဝင်ရောက်လုပ်ကိုင်ခြင်းကို ကန့်သတ်ထားသည့်ကန့်သတ်ချက်ကို တရုတ်နိုင်ငံက ပယ်ဖျက်ပေးခဲ့ပါသည်။ စင်ကာပူရင်းနှီးမြှုပ်နှံသူများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံသူနှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်တန်းတူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုအခန်း(Telecommunications Services Chapter)အသစ်ကို ထပ်မံထည့်သွင်းမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုများဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်သွယ်ရေးကဏ္ဍကို လွယ်ကူချောမွေ့စေရန်၊ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရှင်းလင်းသည့်စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန်ရည်ရွယ်ပါသည်။

အဆင့်မြှင့်သည့်အခြေပြစာချုပ်သည် စင်ကာပူနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန်အတွက် လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ဖြစ်စေပြီး ဖြေလျှော့ပေးသည့် ပွင့်လင်းမြင်သာမှုရှိသော လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူစီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် အခွင့် အလမ်းများကို ရရှိပိုင်ဆိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချစ်ကြည်ရင်းနှီးစွာဆက်လက်လက်တွဲဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဌာန ဝန်ကြီး Gan Kim Yong က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံအပါအဝင် အောက်ပါနှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ (Free Trade Agreements)ကို လက်မှတ်ရေးထိုးထားပါသည်-

(၁)     European Union-Singapore Free Trade Agreement (EUSFTA) - 2019 EIF

(၂)      Korea-Singapore Free Trade Agreement (KSFTA) - 2006 EIF

(၃)     Panama-Singapore Free Trade Agreement (PSFTA) - 2006 EIF

(၄)     Singapore-Australia Free Trade Agreement (SAFTA) - 2003 EIF, upgrade (2017 EIF)

(၅)     Peru-Singapore Free Trade Agreement (PeSFTA) - 2009 EIF

(၆)     Singapore-Costa Rica Free Trade Agreement (SCRFTA) - 2013 EIF

(၇)     Singapore-Jordan Free Trade Agreement (SJFTA) - 2005 EIF

(၈)     Sri Lanka-Singapore Free Trade Agreement (SLSFTA) - 2018 EIF and be fully implemented in 2033)

(၉)     Turkey-Singapore Free Trade Agreement (TRSFTA) - 2007 EIF

(၁၀)   United Kingdom-Singapore Free Trade Agreement (UKSFTA) - 2021 EIF

(၁၁)   US-Singapore Free Trade Agreement (USSFTA) - 2004 EIF

တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကို ထပ်မံအဆင့်မြှင့်ခြင်းကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ဈေးကွက်တွင် စင်ကာပူစီးပွားရေးလုပ်ငန်းများ ပိုမိုဝင်ရောက်နိုင်စေမည့် အခွင့်အလမ်းများရရှိမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးလုပ်ငန်းများ ပြည်ပနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှု ပိုမိုရရှိစေရေးအတွက် ဈေးကွက်ချဲ့ထွင်ရေးနည်းလမ်းတစ်ခုအဖြစ် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ၊ ဒေသတွင်းကုန်သွယ်ရေးသဘောတူစာချုပ်များကို အသုံးပြုလျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News