International News

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်စေရန်ရည်ရွယ်သည့် ဘတ် ၅၀၀ ဘီလီယံ ဒီဂျစ်တယ် ပိုက်ဆံ အိတ် (Digital Wallet) အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ကာလသတ်မှတ်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်စေရန် ရည်ရွယ်သည့် ဘတ် ၅၀၀ ဘီလီယံ ဒီဂျစ်တယ် ပိုက်ဆံအိတ်အစီအစဉ်ကို စတုတ္ထလပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ဘတ် ၁၀,၀၀၀ ကို အကျုံးဝင်သူ သန်း ၅၀ သော ပြည်သူများထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး ၆ လအတွင်း မိမိတို့ဒေသ၌ သုံးစွဲရမည်ဖြစ်ကြောင်း၊ မူဝါဒကြောင့် နိုင်ငံ၏ GDP ကို ၁.၂ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း၊ စီးပွားရေးအတွက် အဓိက လှုံ့ဆော်မှုများ လိုအပ်လျက်ရှိနေပါကြောင်း၊ အစီအစဉ်ကြောင့် ငွေသားစီးဆင်းမှု ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ၏ နေထိုင်မှု ကုန်ကျစရိတ်များမြင့်မားမှုကို လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း၊ ထို့ပြင်ထောက်ပံ့မှု အစီအစဉ်ကြောင့် ဒေသစီးပွားရေးကို ခိုင်မာစေနိုင်ပြီး ဒေသခံများသည်လည်း ကိုယ်တိုင်အားကိုးလာနိုင်ရုံသာမက ဒီဂျစ်တယ် နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုကိုလည်း အထောက်အကူပြုရာရောက်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဒီဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကန့်သတ်ချက်များနှင့် အခက်အခဲများကို ကြိုးစားကျော်လွှားခဲ့ရပြီး မကြာမီ စတင်နိုင်တော့မည်ဖြစ်ကြောင်း၊ မူဝါဒသည် ဥပဒေနှင့် တင်းကျပ်သော ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းများနှင့်လည်း ကိုက်ညီပါကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဒီဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ်အတွက် လိုအပ်သော ဘတ် ၅၀၀ ဘီလီယံကို ရင်းမြစ် ၃ ခုမှ ရယူမည်ဖြစ်ကြောင်း၊ ဘတ် ၁၅၂.၇ ဘီလီယံကို ၂၀၂၅ ဘဏ္ဍာရေးနှစ်မှလည်းကောင်း၊ ဘတ် ၁၇၅ ဘီလီယံကို ၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ပြန်လည်လျာထားခြင်းဖြင့်လည်းကောင်း၊ တောင်သူ ၁၇.၂၃ သန်းကို ပေးအပ်ရန်လျာထားသည့် ဘတ် ၁၇၂.၃ ဘီလီယံကို စိုက်ပျိုးရေးနှင့် စိုက်ပျိုး ရေး သမဝါယမဘဏ်မှဖြစ်ကြောင်း၊ တတိယလပတ်တွင် အစီအစဉ်အတွက် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး စတုတ္ထလပတ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ပိုက်ဆံအိတ်မူဝါဒ ကော်မတီ၏ ကော်မတီခွဲက အစီအစဉ်သတ်မှတ်ချက်များနှင့် ဆက်စပ်ဥပဒေများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ယခုလအတွင်း အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Julapun Amornvivat က ဖြည့်စွက်ပြောကြားခဲ့သည်။

အသက် ၁၆ နှစ်နှင့်အထက်ရှိသော ထိုင်းနိုင်ငံသား တစ်ဦးသည် ၁ လဝင်ငွေ ဘတ် ၇၀,၀၀၀ အောက်လျော့နည်းပြီး ဘဏ်စာရင်းတွင် ဘတ် ၅၀၀,၀၀၀ အောက် လျော့နည်းသူဖြစ်ပါက ထောက်ပံ့ငွေ ဘတ် ၁၀,၀၀၀ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အကျုံးဝင်သူ သန်း ၅၀ ရှိပြီး အဆိုပါ ငွေဖြင့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း၊ အွန်လိုင်းပစ္စည်းများ၊ စီးကရက်များ၊ အရက်များ၊ ငွေသားဘောင်ချာများ သို့မဟုတ် အဖိုးတန်သော စိန်၊ ကျောက်မျက်ရတနာနှင့် ရွှေတို့ ဝယ်ယူ၍ မရပါကြောင်း၊  အကြွေးများ သို့မဟုတ် ရေနှင့် လျှပ်စစ်ဓာတ်အားခ၊ လောင်စာ၊ သဘာဝဓာတ်ငွေ့နှင့် သင်တန်းကြေးများ ပေးချေခြင်းအတွက် အသုံးပြု၍ မရပါကြောင်း၊ လက်ခံရရှိသူ၏ အိမ်လိပ်စာ မှတ်ပုံတင်ထားသော ခရိုင်အတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အစီအစဉ်သည် ဘဏ္ဍာရေးပိုင်းဆိုင်ရာတွင် တာဝန်ခံမှုမရှိကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဗဟိုဘဏ်အုပ်ချုပ်သူဟောင်းများ၏ ထောက်ပြဆွေးနွေးချက်များကြောင့် အစိုးရအနေဖြင့် ထောက်ပံ့မှုအစီအစဉ်အရ ပြည်သူ့ကြွေးမြီအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နည်းလမ်းရှာဖွေ နိုင်ရေး ရုန်းကန်ရမည်ဖြစ်ကြောင်း၊ ဘတ် ၁၀,၀၀၀ ကို ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနမှ တီထွင်ရေးဆွဲထားသည့် “super app” မှ တစ်ဆင့် ဖြန့်ဝေပေးမည်ဖြစ်ပြီး open loop ပုံစံဖြင့် ဘဏ်များအားလုံးက အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းပြည်သူ သန်း ၅၀ အတွက် နေထိုင်မှု ကုန်ကျစရိတ် သက်သာလျော့ပါးစေရန်နှင့် စီးပွား ရေးတိုးတက်စေရန် ရည်ရွယ်ထားသော အစိုးရ၏ ဒီဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ်သည် ပြင်ပဘဏ္ဍာရေး ရင်းမြစ်များမှမဟုတ်ဘဲ နိုင်ငံတွင်း ဘဏ္ဍာရေးရင်းမြစ်များမှ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ပြည်သူ့ကြွေးမြီသည် သတ်မှတ်ပမာဏထက် ကျော်လွန်လျက်ရှိပြီး ဒီဂျစ်တယ်ပိုက်ဆံအိတ်အစီအစဉ် ခန့်မှန်းထားသည့်အတိုင်း GDP တိုးတက်မှုနှုန်းအပေါ် သိသိ သာသာပြောင်းလဲမှုရှိ-မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News