International News

အိန္ဒိယနိုင်ငံမှပြည်ပသို့ကုန်စည်တင်ပို့မှု ပြန်လည်ပိုမိုခွင့်ပြုလာသည့်အတွက် ယူအေအီးနိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများကျဆင်းသွား

Last Updated:

ကမ္ဘာ့အကြီးဆုံးကြက်သွန်နီတင်ပို့သည့်နိုင်ငံများအနက် အိန္ဒိယနိုင်ငံသည် ပြည်တွင်းစျေးကွက်ဝေစုများပြားလာခြင်းကြောင့် ကုန်စည်တင်ပို့မှုကိုပိတ်ပင်ထားခဲ့သော်လည်း ယခုအခါတွင် ကြက်သွန်နီတန်ချိန် ၁၀,၀၀၀ ကို ယူအေအီးနိုင်ငံသို့တင်ပို့ရန်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်သည် ကြက်သွန်နီ၊ အခြားဟင်းသီးဟင်းရွက်များနှင့် အမွှေးအကြိုင်များ စသည့်ကုန်ပစ္စည်းများအား ဝယ်ယူလိုသည့် ဈေးကွက်တောင်းဆိုမှုများပြားသော ရှေ့လာမည့်အပတ် Eid Al Fitr(အစ်နေ့)မတိုင်မီ ရက်အနည်းငယ်အကြာက ကြေညာခဲ့ခြင်းဖြစ်ပါသည်။

ယူအေအီးနိုင်ငံရှိ ကြက်သွန်နီဈေးနှုန်းများသည် အလွန်များပြားနေပြီးတစ်ကီလိုဂရမ်လျှင် AED ၇ သို့ရောက်ရှိလာခဲ့ပါသည်။ ဈေးဝယ်စင်တာကြီးများတွင်ပုံမှန်အားဖြင့် ကြက်သွန်နီများကို တစ်ကီလိုဂရမ်လျှင် AED ၂ နှင့် AED ၃ အကြားရောင်းချလေ့ရှိကြပါသည်။ စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ ရံဖန်ရံခါ ဈေးကွက်မြှင့်တင်ရေးရောင်းချမှုများတွင် ကြက်သွန်နီဈေးနှုန်းများကို တစ်ကီလိုဂရမ်လျှင် AED ၁ အထိလျှော့ချပေးပြီး စားသုံးသူများကိုဆွဲဆောင်နိုင်ရန်အတွက် အနိမ့်ဆုံးလျှော့ချမှုများရှိခဲ့ပါသည်။

ယူအေအီးနိုင်ငံသို့ အိန္ဒိယမှယခုကြက်သွန်နီတန်ချိန် ၁၀,၀၀၀ တင်ပို့မှုသည် ပြီးခဲ့သည့်လက ကြက်သွန်နီတန်ချိန် ၁၄,၄၀၀ တင်ပို့မှု၏ နောက်ဆက်တွဲထပ်မံတင်ပို့မှုဖြစ်ပါသည်။ အစောပိုင်းက နယူးဒေလီမှ အချို့နိုင်ငံများသို့ ကြက်သွန်နီတန်ချိန်ပေါင်း ၇၉,၁၅၀ တန်တင်ပို့ရန် အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့အကြီးဆုံးကြက်သွန်နီတင်ပို့သည့်နိုင်ငံများအနက် အိန္ဒိယနိုင်ငံသည်ပြည်တွင်းစျေးကွက်ဝေစုများပြားလာခြင်းကြောင့် အဆိုပါကုန်စည်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပါသည်။ Al Maya Group ၏ အုပ်စုမိတ်ဖက်ညွှန်ကြားရေးမှူး Kamal Vachani က ဤအချက်သည် စားသုံးသူများအတွက် အလွန်ကောင်းမွန်သောတိုးတက်မှုတစ်ရပ်ဖြစ်ပြီး ကြက်သွန်နီစျေးနှုန်းများကိုတည် ငြိမ်စေလိမ့်မည်ဖြစ်ကာ ယူအေအီးစားသုံးသူများအနေဖြင့် အိန္ဒိယကြက်သွန်နီကို သက်သက်သာသာဝယ်ယူနိုင်ပြီး အရည်အသွေးနှင့်အရသာများအတွက် ပိုမိုနှစ်သက်ကြကြောင်း ပြောကြားခဲ့ပါသည်။

ယူအေအီးနှင့်အိန္ဒိယနိုင်ငံများသည် နှစ်နိုင်ငံအကြား ပြီးပြည့်စုံသောစီးပွားရေးမိတ်ဖက်သဘောတူညီချက်(CEPA) ကိုလက်မှတ်ရေးထိုးခြင်းအပြီးတွင် ကြက်သွန်နီတင်ပို့မှုတိုးတက်လာခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက် သည် ကုန်သွယ်ရေးတိုးမြှင့်ခြင်းနှင့်အရေးပါသော ကုန်ပစ္စည်းများအား ကုန်သွယ်ရာတွင် ဆောင်ရွက်ရလွယ်ကူချောမွေ့စေကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: www.khaleejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News