International News

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထိုင်းဆန်တင်ပို့မှု မြင့်တက်နိုင်သည့် အလားအလာ

Last Updated:

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှုများကြောင့် ဝယ်လိုအားမြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုကို တန် ၉ သန်းထိရောက်နိုင်ကြောင်း  ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်းတွင် ဆန်တန်ချိန် ၄.၁ သန်း တင်ပို့နိုင်ခဲ့ပြီး ဒုတိယနှစ်ဝက်တွင် တန်ချိန် ၄ သန်းမှ ၅ သန်း အထိ တင်ပို့နိုင်မည့် အခွင့်အလမ်းကောင်းများ ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း သည်လည်း ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ထိုင်းဆန်ဖြူ၏ Free-On-Board (FOB) ဈေးနှုန်း သည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၀ ထိ မြင့်တက်လျက်ရှိကြောင်း၊ ဗီယက်နမ်ဆန်၏ ဈေးနှုန်းနှင့်အတူတူပင်ဖြစ်ကြောင်း၊ အိန္ဒိယဆန်သည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားပါသည်။

ယခင်နှစ် အယ်လ်နီညိုရာသီဥတုအပေါ် ပူပန်မှုမြင့်တက်လာသည်နှင့်အမျှ ကမ္ဘာနှင့်အဝှမ်း ဆန်ထောက်ပံ့မှု ကျဆင်းသွားခဲ့ပါကြောင်း၊ အဓိက ဆန်တင်သွင်းသည့် နိုင်ငံများက ၎င်းတို့၏သို လှောင်မှုကို တိုးမြှင့်ကြပါကြောင်း၊ ဥပမာအားဖြင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ဆန်ပိုမိုဝယ်ယူသွား ရန် ကြေညာပြီးဖြစ်ကြောင်း၊ အင်ဒိုနီးရှားက  ဆန်တန်ချိန် ၁ သန်း တင်သွင်းပြီးဖြစ်ကြောင်း၊ မလေးရှားက ပြည်တွင်းထုတ်လုပ်မှု နည်းပါးသဖြင့် ရိက္ခာအခြေအနေအရ တန်ချိန် ၁.၂ သန်း တင်သွင်းရန် လျာထားကြောင်း၊ ဖိလစ်ပိုင်က ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၂ သန်း ဝယ်ယူပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ဆန်တိုးမြှင့်တင်သွင်းသွားမည်ဖြစ်ကြောင်း အသေးစိတ်ကို ရှင်းလင်းပြောကြားပါသည်။

ယခင်နှစ်က ကမ္ဘာ့နှင့်အဝှမ်းသို့ ဆန်တင်ပို့မှုတွင် အိန္ဒိယသည် တန်ချိန် ၂၁.၉ သန်းဖြင့် ပထမ၊ ထိုင်းသည် တန်ချိန် ၇.၈၉ သန်းဖြင့် ဒုတိယ၊ ဗီယက်နမ်ဆန်သည် တန်ချိန် ၆.၃၁ သန်းဖြင့် တတိယ ဖြစ်ကြောင်း၊ ထိုင်းဆန်ကို အီရတ်က အများဆုံးဝယ်ယူကြောင်း၊ တောင်အာဖရိက ဒုတိယဝယ်ယူသူ ဖြစ် ကြောင်း၊ တရုတ်က တတိယ၊ အမေရိကန်က စတုတ္ထနှင့် ဘန်နင်က ပဥ္စမဖြစ်ကြောင်း သိရှိရပါသည်။

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မိုးရေချိန်လျော့နည်းခဲ့ပါက ဆန်ထုတ်လုပ်မှုသည် ပုံမှန်ထုတ်လုပ်မှုအောက် ၁၀-၁၅ ရာခိုင်နှုန်း လျော့နည်းနိုင်ကြောင်း၊  ပုံမှန် ရာသီဥတုအခြေအနေတွင် နှစ်စဉ်အဓိကဆန်ထုတ်လုပ်မှုသည် ရာသီချိန်မဟုတ် စိုက်ပျိုးထုတ်လုပ်သည့် ဆန် တန်ချိန် ၈ သန်း အပါအဝင် တန်ချိန် ၂၄ သန်းဖြစ်ကြောင်း၊ အစိုးရက ရေအလွန်အကျွံခမ်းခြောက်ခြင်း အတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ဆည်အတွင်း ရေသိုလှောင်လိုကြောင်း၊ ထို့ကြောင့် ရာသီချိန်မဟုတ် စပါးစိုက်ပျိုးခြင်းကို လျှော့ချရန် ညွှန်ကြားထားပါကြောင်း Mr. Chookiat က ဖြည့်စွက် ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News