International News

ယခုနှစ် ပထမနှစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများသည် ဘတ် ၃၆၄ ဘီလီယံထိ တိုးမြင့် လာကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ကပြောကြား

Last Updated:

နိုင်ငံတကာကုမ္ပဏီများက ထိုင်းနိုင်ငံကိုထုတ်လုပ်မှုအခြေစိုက်အဖြစ် ရွေးချယ်လာကြသဖြင့် ယခုနှစ်ပထမနှစ်ဝက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဘတ် ၃၆၄ ဘီလီယံထိ တိုးမြင့်လာကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

စီမံကိန်းအဆိုပြုလွှာများသည် ၈၉၁ ခုထိ တိုးလာပါကြောင်း၊ ယင်းအနက်မှ အဆိုပြုလွှာ ၄၆၄ ခုသည် အီလက်ထရောနစ်စ်၊ အစားအစာပြုပြင်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်မော်တော်ယာဉ် ထောက်ပံ့မှုကွင်းဆက် စသည့်လုပ်ငန်းများအတွက် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏ ဦးစားပေးကဏ္ဍများဖြစ်သော အီလက်ထရောနစ်စ်နှင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍများတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုင်းနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် ခိုင်မာသောထောက်ပံ့မှုကွင်းဆက်အပေါ် ယုံကြည်မှုရှိလာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများအလိုက် တရုတ်နိုင်ငံသည် ဘတ် ၆၁.၅ ဘီလီယံဖြင့် ပထမ၊ စင်ကာပူနိုင်ငံသည် ဘတ် ၅၉.၁ သန်းဖြင့် ဒုတိယ၊ ဂျပန်နိုင်ငံသည် ဘတ် ၃၅.၃ ဘီလီယံဖြင့် တတိယဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများနှင့် အီလက်ထရောနစ်စ် စက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအများ ဆုံးဖြစ်ကြောင်း Mr. Narit ၏ ပြောကြားချက်အရ သိရှိရပါသည်။    

 

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News