International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု စံချိန်တင်ပြီး တစ်သမတ်တည်းမြင့်တက်

Last Updated:

SS Rice News Convention ကို ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်က ဒါနန်းမြို့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း ၃၀ မှ ထိပ်တန်းကျွမ်းကျင်သူများ၊ သုတေသီများနှင့်အတူ ဆန်စပါးလုပ်ငန်းမှ တင်သွင်းသူ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆက်စပ်ဝန်ဆောင်မှုပေးသူ ၄၀၀ ကျော်၏ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အခမ်းအနားတွင် စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီမှ ဒါရိုက်တာဖြစ်သူ Mr. Nguyen Anh Son က ဆန်သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့် နေ့စဉ်စားသုံးနေသည့် မရှိမဖြစ်လိုအပ်သော ကုန်စည်တစ်ခုဖြစ်ကြောင်း၊ စားနပ် ရိက္ခာရရှိရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သည့်နိုင်ငံ ၃ နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မူဝါဒအပြောင်းအလဲများ၊ ထောက်ပံ့မှုနှင့် ဝယ်လိုအား အတက်အကျနှင့် ဈေးနှုန်းများ သည် ပြည်တွင်းစက်မှုလုပ်ငန်းကို တိုက်ရိုက် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်၏ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTAs) ကို ထိထိရောက်ရောက် အသုံးချနိုင်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုနှင့် ပို့ကုန်များသည် ထုထည်နှင့် ကုန်ထုတ်စွမ်းအား နှစ်ခုစလုံးတွင် စံချိန်တင်ရောက်ရှိခဲ့ကြောင်း မစ္စတာ Son က ပြောကြားခဲ့သည်။ ယခုနှစ်အတွက် စုစုပေါင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆.၆ ရာခိုင်နှုန်း တိုးမြင့်လာပြီး နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေသော်လည်း ၂၀၂၄ ခုနှစ် နှစ်စကာလများတွင် ဆန်တင်ပို့မှုအတွက် ကောင်းမွန်သော လက္ခဏာများ ရှိနေပါကြောင်း၊ ဇန်နဝါရီလတွင် ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၆၂ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ရောင်းလိုအား တင်းကျပ်မှုကြောင့် ဆန်ဈေးသည် တစ်နှစ်ပတ်လုံး ဆက်လက် မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် အိန္ဒိယ၏ လက်ရှိဆန်တင်ပို့မှု ကန့်သတ်ချက်များသည် အခြားနိုင်ငံများမှ ဆန်တင်ပို့မှု၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း၊ အယ်လ်နီညို ရာသီဥတုကြောင့် စပါးစိုက်ပျိုးသည့် ဒေသများကို အကျိုးသက်ရောက်စေနိုင်သောကြောင့် ထောက်ပံ့ရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံကဲ့သို့ နိုင်ငံများအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဖန်တီးပေးကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုတွင် ဝယ်လိုအား တိုးလာခြင်းကြောင့် အကျိုး အမြတ်ရရှိနေကြောင်း၊ သို့သော်လည်း ရေရှည်တည်တံ့သော ထုတ်လုပ်မှု အလေ့ အကျင့်များ ရရှိစေရန်နှင့် အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းခြင်း၊ အလားအလာရှိသော ဈေးကွက်အတက်အကျများ စသည့် စိန်ခေါ်မှုများကိုလည်း ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားခြင်းဖြင့် ဗီယက်နမ်နိုင်ငံသည် ထိပ်တန်းဆန်တင်ပို့သူအဖြစ် ရပ်တည်နိုင်ရုံသာမက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင် ပြရပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News