International News

ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဖိတ်ခေါ်ရန် ဒူဘိုင်းအခြေစိုက် အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Gulf Analytica က အကြံပြုတိုက်တွန်းထား

Last Updated:

ထိုင်းနိုင်ငံအတွင်း၌ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရှာဖွေနေသော အရှေ့အလယ်ပိုင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက ထိုင်းနိုင်ငံအတွက် အလားအလာကောင်းများ ရှိပါကြောင်း ဒူဘိုင်းအခြေစိုက် အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Gulf Analytica ၏ ဥက္ကဋ္ဌဖြစ်သူ Mr. David Gibson-Moore က အကြံပြုပြောကြားလိုက်ပါသည်။

ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာ၊ ဘာရိန်းနှင့် အိုမန်နိုင်ငံများနှင့် ဖွဲ့စည်းထားသော ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council-GCC) တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးမြှင့်တင်နေသည်ဖြစ်၍ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အရေးကြီးသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ၏ ဦးတည်ရာ သော့ချက်တစ်ခုဖြစ်ကြောင်း ဆက်လက်ပြောကြားပါသည်။

အရှေ့အလယ်ပိုင်းမှ အကြီးပိုင်းအရာရှိကြီးများက ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ Logistics၊ ဟိုတယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းများ၊ အစားအစာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဲ့သို့သော စက်မှုလုပ်ငန်းများတွင် စိတ်ဝင်စားမှုရှိပါကြောင်း၊ ထိုင်းအစိုးရ ၏ ECC တွင် ဦးစားပေးဆောင်ရွက်မည့် စက်မှုလုပ်ငန်း ၁၂ ခုတွင် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အပါ အဝင်ဖြစ်ကြောင်း၊ ၎င်းအပြင် ECC မြှင့်တင်ရေးမူဝါဒ‌ကြောင့် ထိုင်းနှင့်GCC တို့အကြား ပူးတွဲရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်ကြောင်း Mr. David က ရှင်းလင်းပြောကြားပါသည်။

ထိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် အရှေ့အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဝယ်လိုအားခိုင်မာသဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း Mr. David က အကြံပြုထားပါသည်။

ထိုင်းနှင့် UAE တို့အကြား ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေးအတွက် ဆွေးနွေးဆဲဖြစ်သော FTA ကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ယင်း FTA ကို စတင်အကောင်အထည်ဖော်မည့် ပထမနှစ်အတွင်းမှာပင် နှစ်နိုင်ငံကုန်သွယ်ရေးသည် ၁၀ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာထားချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် စီးပွားရေးသံမှူး စေလွှတ်သွားမည်ဖြစ်၍ လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်ပြီဆိုပါက အရှေ့အလယ်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံရန် ဖိတ်ခေါ်နိုင်ခြင်း၊ မြန်မာ့ထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပိုမို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News