International News

အမေရိကန်နိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများ ယခင်(၄)နှစ်တာအတွင်း ပြောင်းလဲလာမှုအခြေအနေ

Last Updated:

အမေရိကန်နိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၄ နှစ်တာကာလအတွင်း ပြောင်းလဲလာသည့် အခြေအနေများနှင့်ပတ်သက်၍ The New York Times အွန်လိုင်းသတင်းတွင် “How Food Prices Have Changed Over the Past Four Years” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ အဓိကပြဿနာတစ်ရပ်မှာ အိမ်သုံးကုန်စည်ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်ကြောင်း၊ အမေရိကန်မဲဆန္ဒရှင်အများစု၏ အဓိကစိုးရိမ်သည့်အချက်မှာ ငွေကြေး ဖောင်းပွမှု မြင့်တက်လာခြင်းနှင့် ၎င်းတို့၏ငွေကြေးပိုင်ဆိုင်မှု လျော့ကျလာခြင်းဖြစ်ကြောင်း၊ ယခင်လတွင်ပြုလုပ်ခဲ့သည့် YouGov လေ့လာမှုစစ်တမ်းအရ “ငွေကြေးဖောင်းပွမှုသည် အလွန်အရေးကြီးသည့်ပြဿနာ တစ်ရပ်ဖြစ်သည်” ဟု အမေရိကန်နိုင်ငံသား ၆၄ ရာခိုင်နှုန်းက ထင်မြင်ကြပြီး ငွေကြေးဖောင်းပွမှု ပြဿနာမှာ အိမ်သုံးကုန်စည်ဈေးနှုန်း မြင့်တက်မှုဖြစ်သည်ဟုလည်း ၎င်းတို့က ယူဆကြကြောင်း၊ အိမ်သုံးကုန်စည်ဈေးနှုန်း မြင့်တက်သော်လည်း စားသောက်ကုန်ဈေးနှုန်းမှာ လပေါင်းများစွာအထိ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်မဲဆန္ဒရှင်အချို့က(၄)နှစ်တာအတွင်း ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့်သမ္မတဂျိုးဘိုင်ဒင်အစိုးရကို ဝေဖန်မှုများရှိပြီး ရီပါဘလင်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်းအားသမ္မတလောင်းရွေးချယ်ပွဲအခမ်းအနားတွင် အိမ်သုံးကုန်စည်ဈေးနှုန်းများနှင့်ပတ်သက် ၍ အလေးထားဖော်ပြခဲ့ပြီး “Make America Affordable Again” ဆောင်ပုဒ်ဖြင့် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ အိမ်သုံးကုန်စည်ဈေးနှုန်းသည် ယခုနှစ်နှစ်စပိုင်းမှ ဇွန်လကုန်အထိ ၁.၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ၁၃.၅ ရာခိုင်နှုန်းရှိခဲ့သဖြင့် သိသာစွာ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ယခင် ၄ နှစ်ခန့်နှင့် နှိုင်းယှဉ်ပါက အိမ်သုံးကုန်စည်ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ဤသို့မြင့်တက်လာခြင်းသည် ဝယ်လိုအားနှင့် ရောင်းလိုအား နှစ်ဖက်စလုံးတွင် ဖိအားများရှိနေသကဲ့သို့ ကူးစက်ရောဂါကာလနှင့် အခြားကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့်လည်း ဆက်စပ်မှုရှိကြောင်း၊ ကူးစက်ရောဂါကာလအတွင်း စားသုံးသူများအနေဖြင့် ဆိုင်များ၌စားသောက်ခြင်းအစား အိမ်သုံးကုန်စည်များကို အများ အပြားဝယ်ယူစုဆောင်းခဲ့ကြပြီး အလုပ်သမားများမှာ ကိုဗစ်-၁၉ ကူးစက်ခံရခြင်း၊ သိုလှောင်ရုံများ၊ အိမ်သုံးကုန်စည်ရောင်းချသည့် စတိုးဆိုင်များနှင့် အသားထုတ်လုပ်သည့်စက်ရုံများတွင် အလုပ်သမားများ လုံလောက်မှုမရှိခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန်အတွက် ကုန်ကျစရိတ်မြင့်မားလာခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် သီးနှံနှင့် အသီးအရွက်ဆီကဲ့သို့သော ကုန်စည်များ၏ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စားသောက်ကုန်စည်များ ထုတ်လုပ်စရိတ်နှင့် သယ်ယူပို့ဆောင်ခစရိတ်လည်း မြင့်မားလာခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက Cereal ကဲ့သို့သောသီးနှံနှင့် မုန့်ဖုတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၏ ဈေးနှုန်းသည် ၂၅ ရာခိုင်နှုန်းနှင့် အသီးနှင့်ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းသည် ၁၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့မြင့်တက်လာခြင်းသည် သယ်ယူပို့ဆောင်ရေး၊ ထုတ်ပိုးမှုနှင့် စားသောက်ကုန်စည်များ ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းကြောင့်ဖြစ်ပြီး ကိုဗစ်-၁၉ ကာလမတိုင်မီ ကုန်ဈေးနှုန်းအဆင့်သို့ ပြန်ရောက်နိုင်သည့် အခြေအနေမရှိဟု မီချီကန်ပြည်နယ်တက္ကသိုလ်မှ စားသောက်ကုန်စည်ဆိုင်ရာ စီးပွားရေးပညာရှင် Mr. David Ortega က ဆိုကြောင်း၊ ဈေးနှုန်းမြင့်တက်လာခဲ့သလို လုပ်ခလစာမြင့်တက်လာခဲ့သော်လည်း ဈေးနှုန်းမြင့်တက်မှုကို ကျော်လွန်မှုမရှိသဖြင့် စားသုံးသူများမှာ ခက်ခဲသည့်ကာလနှင့် ကြုံတွေ့နေရကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ အိမ်တွင်ချက်ပြုတ်စားသောက်သည့် အစားအစာများ၏ ကုန်ကျစရိတ်သည် ၂၀၂၄ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ကုန်ကျစရိတ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်းသည် သမ္မတဂျိုးဘိုင်ဒင်အစိုးရအတွက် နိုင်ငံရေးအရ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပြီး ဒီမိုကရက်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်က စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာသည်ကို အသိအမှတ်ပြုပြီး ၎င်းသမ္မတအဖြစ် ရွေးကောက်ခံရပါက အစိုးရသက်တမ်းစတင်သည့် နေ့မှစ၍ ကုန်ဈေးနှုန်းလျှော့ချရန် ဆောင်ရွက်သွားမည်ဟု ကတိပြုထားကြောင်းနှင့် သမ္မတဂျိုးဘိုင်ဒင်ကလည်း ယခင်လများ၌ စားသောက်ကုန်နှင့် အဖျော်ယမကာ ကုမ္ပဏီများသည် အမြတ်အများကြီးယူခြင်းကို လျှော့ချရန်နှင့် စားသောက်ကုန်ရောင်းချသည့်ကုမ္ပဏီ များအနေဖြင့်လည်း ဈေးနှုန်းများလျှော့ချသွားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။ 

အမေရိကန်နိုင်ငံအနေဖြင့် ဇူလိုင်လကုန်တွင် ထုတ်ပြန်ခဲ့သည့် အလုပ်အကိုင်အစီရင်ခံစာအရ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြခဲ့ပြီးနောက်တွင် စတော့ဈေးကွက်ကျဆင်းခဲ့ပြီး ကုန်စည်နှုန်းများမှာလည်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ လည်းနီးကပ်လာပြီဖြစ်ရာ လက်ရှိပြည်တွင်း၌ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်မှုရရှိစေရန် ဆောင်ရွက်နိုင်မည့် အစီအစဉ်ကောင်းများကို ထုတ်ဖော်ပြသနိုင်မည့် သမ္မတလောင်းသာလျှင် ရွေးကောက်ပွဲတွင် အားသာချက်ရှိနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

Source: https://www.nytimes.com/2024/08/13/business/economy/inflation-food-prices.html

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News