International News

တရုတ်နိုင်ငံတွင် E-commerce သည် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချမှုကို မြှင့်တင် ပေးလျက်ရှိ

Last Updated:

E-commerce ပလပ်ဖောင်းများနှင့် တိုက်ရိုက်ထုတ်လွှင့်သော e-commerce ကြောင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၊ ဖူထျန်းမြို့နှင့် နင်ဒယ်မြို့မှ မှိုများသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ထမင်းဝိုင်းများတွင် တွေ့ရှိလာရသည်။

"ကျွန်ုပ်တို့၏ နှင်းမှိုများသည် တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ရှာဖွေမှုအများဆုံးဖြစ်သည်" ဟု ဖူထျန်းရှိ ကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာ Huang Zhongsheng က ပြောကြားခဲ့သည်။ Gutian မြို့တွင် စိုက်ပျိုးရေးလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် စားသုံးနိုင်သောမှိုများကို ထောက်ပံ့ရောင်းချကြပြီး စားသုံးနိုင်သော မှိုလုပ်ငန်းမှထွက်ရှိမှုသည် ခရိုင်၏ စုစုပေါင်း စိုက်ပျိုးထွက်ရှိမှု၏ ၇၀ ရာခိုင်နှုန်းဖြစ်သည်။

Huang ၏ ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် e-commerce ပလပ်ဖောင်းများမှ တစ်ဆင့် ဖူထျန်းနှင်းမှိုထုတ်ကုန်များအတွက် အမှာစာ ၆၀၀,၀၀၀ ကို လက်ခံရရှိခဲ့သည်။ "ဒါဟာ ကျွန်တော်တို့ အတိတ်မှာ မထင်မှတ်ထားတဲ့ အရာတစ်ခုပါပဲ" ဟု Huang က ပြောကြားခဲ့သည်။

Huang ၏ ကုမ္ပဏီသည် မှိုစိုက်တောင်သူများကို ဆွဲဆောင်နိုင်သော သမဝါယမတစ်ခုကို တည်ထောင်ခဲ့ပြီး မှိုများကို စူပါမားကက်များ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ၏ ဈေးကွက်များနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများသို့ အဓိကရောင်းချခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် တရုတ် အွန်လိုင်းဗီဒီယိုမျှဝေခြင်း ပလပ်ဖောင်း (Douyin) အောက်မှ Douyin E-commerce ၌ ၎င်း၏ထုတ်ကုန်များ စတင်ရောင်းချခဲ့သည်။

"E-commerce ပလပ်ဖောင်းများသည် ၎င်းတို့၏ မူလနေရာများမှ ထုတ်ကုန်များကို ပိုမိုသက်သာသော စျေးနှုန်းဖြင့် လူများ၏ ထမင်းဝိုင်းများသို့ တိုက်ရိုက်ပေးပို့ရာ၌ ကူညီပေးပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ဗီဒီယိုအတိုများမှတစ်ဆင့် ဖူထန်းမြို့၏ စားသုံးနိုင်သောမှိုနှင့် မှိုချက်ပြုတ်နည်းများကို လူအများ ပိုမိုသိရှိလာရပါသည်။" ဟု Huang က ပြောကြားခဲ့သည်။ ကြည့်ရှုသူ အများအပြားမှလည်း မှာယူမှုများ ဆောင်ရွက်ခဲ့ကြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဖူကျန့်ပြည်နယ်သည် စားသုံးနိုင်သော မှိုရောင်းချမှုတွင် တစ်နှစ်ထက်တစ်နှစ် ၁၇၈ ရာခိုင်နှုန်း တိုးလာပြီး Douyin E-commerce တွင် ထုတ်ကုန်မျိုးကွဲ အရေအတွက် ၁၁၇ ရာခိုင်နှုန်း တစ်နှစ်ထက်တစ်နှစ် တိုးလာကြောင်း အချက်အလက်များအရ သိရသည်။

ဖူထျန်း၏ နှင်းမှိုများအပြင်၊ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ် Yantai မြို့မှ Yantai ပန်းသီးများအပါအဝင် အခြားနေရာများမှ စိုက်ပျိုးရေးထွက်ကုန်များကိုလည်း မကြာသေးမီနှစ်များအတွင်း e-commerce ပလပ်ဖောင်းများမှ ရောင်းချနိုင်မှု ပိုမိုလာခဲ့သည်။

ဖူကျန့် ပြည်နယ်၊ Pingnan ခရိုင် Luoshayang ရွာမှ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သော တိုက်ရိုက်ထုတ်လွှင့်သူ Tian Xiaoyu သည် အွန်လိုင်းစတိုးတစ်ခုကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၎င်း၏ ကုန်ပစ္စည်း ရောင်းအားတက်လာသည်ကို မြင်တွေ့နေရသည်။

ခရိုင်မှ စီစဉ်ပေးခဲ့သည့် e-commerce သင်တန်းသို့ တက်ရောက်ပြီးနောက် Tian သည် စားသုံးနိုင်သောမှိုများနှင့် ဖူကျန့်ပုံစံမှိုဟင်းရည်ယဉ်ကျေးမှုကို တိုက်ရိုက်ထုတ်လွှင့်မှု (သို့မဟုတ်) ဗီဒီယိုတိုများဖြင့် မိတ်ဆက်ခဲ့ရာ သုံးစွဲသူများ ၏ ယုံကြည်မှု တဖြည်းဖြည်းရရှိစေသည်။ သူမသည် အချိန်မအားလပ်သည့် လူနေမှုပုံစံ ရှိသူများအတွက် အရန်သင့် ချက်ပြုတ်နိုင်သော မှိုဟင်းချို ထုတ်ကုန်ကိုလည်း ကြော်ငြာခဲ့သည်။

“အခြေခံလယ်ယာထွက်ကုန်တွေကို စျေးကွက်ထဲမှာ ဈေးကောင်းကောင်းနဲ့ ရောင်းလို့မရပေမယ့် အမှတ်တံဆိပ်တည်ဆောက်ချိန်တွင် ပိုမိုကြိုးစား ဆောင်ရွက်ပါက ယင်းပြဿနာမှာ ပြေလည်သွားနိုင်သည်” ဟု Tian က ပြောခဲ့သည်။ တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက် စနစ်ကို တည်ထောင်ခဲ့ပြီး ရွာသူ၊ ရွာသား ၃၀၀ နီးပါးအတွက် ရောင်းချမှုပုံစံ၊ အမျိုးအစားခွဲခြင်း၊ ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ခြင်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျေးလက်ရှိ e-commerce သည် ရွှေ့ပြောင်းအလုပ်သမားများ၊ ကောလိပ်ဘွဲ့ရများနှင့် ဝန်ထမ်းဟောင်းများကို ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ရန် ကျေးလက်ဒေသများသို့ ပြန်လည်အခြေချနိုင်ရန် အားပေးမှုတစ်ခုဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၂ နှစ်ကုန်တွင် တရုတ်နိုင်ငံရှိ ကျေးလက်အွန်လိုင်း ကုန်ပစ္စည်းရောင်းချမှု အရေအတွက်သည် ၁၇ ဒသမ ၃ သန်းကျော်ရှိပြီ ဖြစ်သည်။

ယမန်နှစ်က တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် အွန်လိုင်းလက်လီရောင်းချမှုသည် ယွမ် ၂ ဒသမ ၁၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံ) ရှိခဲ့ပြီး နိုင်ငံ၏ လယ်ယာထွက်ကုန် များ၏ အွန်လိုင်းရောင်းချမှုသည် တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၅၃၁ ဒသမ ၃၈ ဘီလီယံအထိ ရှိလာခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဌာနရှစ်ခုတို့ ပူးပေါင်း၍ နိုင်ငံ၏ ခရိုင်အဆင့် ကူးသန်းရောင်းဝယ်ရေး စနစ်အား မြှင့်တင်ရန် ရည်ရွယ်သည့် သုံးနှစ်ကြာ လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင် ကျေးလက် e-commerce ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ တိုက်ရိုက်ထုတ်လွှင့်သော e-commerce စနစ်ကို အလေးထား ဖော်ဆောင်ရန်၊ ဒေသဆိုင်ရာ အထူးပြုအမှတ်တံဆိပ်များ ထိန်းသိမ်းခြင်းနှင့် ကျေးလက်ဒေသရှိ e-commerce ကဏ္ဍတွင် စွန့်ဦးတီထွင်မှုနှင့် အလုပ်အကိုင်ရရှိရေးတို့ကို တွန်းအားပေးဆောင်ရွက်ရန် ဖော်ပြပါရှိသည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2023/0911/c90000-20070345.html

(စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: International News