International News

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလများတွင် ကမ္ဘာ့ဆီဈေးနှုန်း ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ Star Petroleum Refining Plc က သုံးသပ်

Last Updated:

ကမ္ဘာ့စွမ်းအင်လိုလားချက် မြင့်တက်နေသော်လည်း နယ်မြေဆိုင်ရာ ပဋိပက္ခများနှင့် စီးပွားကြီးနိုင်ငံများတွင် စီးပွားရေးအရ ချိန်ညှိမှုများကြောင့် အတက်အကျများ ဖြစ်ပေါ်နေပြီး ယခုနှစ် ကျန်လများအတွင်း ကမ္ဘာ့ဆီဈေးနှုန်း ကျဆင်းနိုင်ဖွယ်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းခြင်းကြောင့် အဓိက ဆီထောက်ပံ့ပေးနေသူများတွင် ပိုလျှံမှုဖြစ်ပေါ်နိုင်ကြောင်း ထိုင်းနိုင်ငံ Star Petroleum Refining Plc ၏ မန်နေဂျာ Mr. Sakchai Thamsuruk က သုံးသပ်ထားပါသည်။

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က နေ့စဉ်ရေနံစိမ်း ထောက်ပံ့မှုကို စည် ၁.၃ သန်း ဖြတ်တောက်လိုက်ခြင်းရှိမရှိ စောင့်ကြည့်နေပါကြောင်း၊ ၎င်းတို့က မဖြတ်တောက်ပါက ကမ္ဘာ့ဈေးကွက်တွင် ဆီပိုလျှံမှုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆောင်းရာသီတွင် လူအများစု၏ စွမ်းအင်လိုလားချက် မြင့်တက်လာနိုင်သော်လည်း ယခင်နှစ်လိုလားချက်အတိုင်း ဖြစ်နေသောကြောင့် ဝယ်လိုအားသည် ရောင်းလိုအားကို မကျော်နိုင်ကြောင်း၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခသည် ဆီထွက်ရှိရာ ရင်းမြစ်များနှင့် မနီးကပ်သော် လည်း သယ်ယူပို့ဆောင်ရေးတွင် ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားပါသည်။

အမေရိကန်နှင့် တရုတ် စီးပွားရေးများအရ ဆီဝယ်လိုအားအပေါ် သက်ရောက်လာနိုင်သဖြင့် ဆီဈေးနှုန်း အတက်အကျများဖြစ်နိုင်ကြောင်း၊ သန့်စင်ပြီးဆီ၏ ကမ္ဘာ့ဈေးကွက်ကို လေ့လာကြည့်ပါက လေယာဉ်ဆီသည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်၌ သုံးစွဲခဲ့မှု၏ ၈၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အအေးရာသီများတွင် အနောက်နိုင်ငံများမှ ဒီဇယ်ဝယ်လိုအား မြင့်မားလာနိုင်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ ဈေးနှုန်းများကို လျှော့ချပေးခဲ့ပါ‌ကြောင်း၊ နိုင်ငံ၏မူဝါဒအရ ဂက်စ်ဆိုလင်းနှင့် အီသနောအ‌ရောဖြစ်သည့် ဂက်စ်ဆိုဟော ဈေးနှုန်းများကို နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်လျှော့ချခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရှိရပါသည်။

အာဏာပိုင်များက ဒီဇယ်ဈေးနှုန်းကို ၁ လီတာလျှင် ဘတ် ၃၀ အောက်ထားရန်နှင့် LNG ဈေးနှုန်းကို ဈေးကွက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ၃၃.၂၁ ဘတ်နှင့်နှိုင်းယှဉ်ပါက ၁ ကီလိုဂရမ်လျှင် ဘတ် ၂၅.၈၇ သတ်မှတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် LPG ၁ ကီလိုဂရမ်လျှင် ၇.၃၄ ဘတ်နှင့် ဒီဇယ် ၁ လီတာလျှင် ၂.၇၆ ဘတ် ထောက်ပံ့ပေးနိုင်ရေးအတွက် Oil Fuel Fund မှ သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။     

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: International News