Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ကွမ်းသီးအနု အလုံးရေ ၁၈ သိန်းထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကွမ်းသီးအနုအလုံးရေ ၁၈ သိန်းထိတင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ကွမ်းသီးအနုအလုံးရေ ၁၂ သိန်းထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးအနုအလုံးရေ ၁၈ သိန်းထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါကွမ်းသီးအနုများ တင်ပို့မှုအားကောင်းလာခြင်းသည် ပြည်ပဈေးကွက်က ကွမ်းသီးအနုများဝယ်ယူမှု အားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဘက်ကို ကွမ်းသီးအနုအများအပြား တင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့နေရတဲ့ ကွမ်းသီးအနုကတော့ အရည်အသွေးကောင်းဖို့၊ သန့်ရှင်းဖို့လဲ လိုပါတယ်။ လက်ရှိ ကွမ်းသီးအနုအလုံး ၁၀၀၀ ကို ငွေကျပ် ၅၅၀၀၀ ထိဈေးပေါက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် ပြည်ပဈေးကွက် တင်ပို့ရောင်းချနေပါတယ်။ ကွမ်းသီးအနုရဲ့ ပြည်ပအဓိကဈေးကွက်က တရုတ်နိုင်ငံပါ။ လက်ရှိ ကွမ်းသီးအနုတွေ အရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ လုပ်ငန်းလည်ပတ်နေပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများသို့ သွားရောက်ပြီး စနစ်တကျရွေးချယ်ဝယ်ယူထုပ်ပိုးကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်က ကွမ်းသီးအနု၊ အရင့်ဈေးကွက်နှစ်မျိုးသာရှိပြီး ယခုအခါ ရင့်မှည့်ချိန်ထိစောင့်ရောင်းရန်မလိုဘဲ ကွမ်းသီးအနုများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News