International News

တောင်ကိုရီးယားနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသူများသည် ပေးဆောင် ရမည့် အခွန်မှ ၃၅ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ရနိုင်မည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ လျှပ်စစ်ကားများထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသူများသည် ပေးဆောင်ရမည့်အခွန်မှ စုစုပေါင်း ၃၅ ရာခိုင်နှုန်းအထိ အခွန်ကင်းလွတ်ခွင့် (Tax Credits) ရနိုင်မည် ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ၉-၅-၂၀၂၃ ရက်နေ့က   ပြောကြားခဲ့ပါသည်။

လျှပ်စစ်ကားများနှင့် ဟိုက်ဒရိုဂျင်အမျိုးအစားများကို နိုင်ငံ၏မဟာဗျူဟာကျသော လုပ်ငန်းများစာရင်းတွင် ထည့်သွင်းပြီး ချစ်ပ်ပြား၊ ဘက်ထရီနှင့် ကာကွယ်ဆေးများ စသည်တို့ ကဲ့သို့သော ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံသူများကို ပေးလျှက်ရှိသည့် အခွန်ကင်းလွတ်ခွင့်မျိုး ထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက   ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ လျှပ်စစ်ကားအက်ဥပဒေ (K-EV Act) အရ လျှပ်စစ်ကား ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကြီးများသည်ပေးဆောင် ရမည့်အခွန်၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ရနိုင်ပြီး အသေးစားနှင့်  အလတ်စားကုမ္ပဏီများသည် ၁၆ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၂၅ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ရနိုင်ဖွယ်ရှိကြောင်း၊ လွန်ခဲ့သည့် သုံးနှစ်တွင် ပျမ်းမျှရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏထက် ပိုမိုရင်းနှီးမြှုပ်နှံသူများ အတွက် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အခွန်ဆိုင်ရာမက်လုံးများ (Tax Incentives) ပေးခြင်း သည် အနာဂတ်ရွေ့လျှားသွားလာမှုကဏ္ဍတွင် နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းအားခိုင်မာစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ တောင်ကိုရီးယားကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားစေမှုကို တားဆီးနေသည့် နည်းဥပဒေများကိုလည်း အစိုးရကတက်တက်ကြွကြွ ဖြေရှင်းပေးသွားမည် ဖြစ်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E. Choo Kyung -ho က Hyundai Motor ပိုင် Ulsan မြို့ရှိ စက်ရုံသို့ သွားရောက်ခဲ့စဉ်က ပြောကြားခဲ့ပါသည်။

လက်ရှိမူဝါဒအရ Hyundai Motor သည် Ulsan   မြို့ရှိ လျှပ်စစ်ကားစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (တောင်ကိုရီးယားဝမ်ငွေ ၂ ထရီလီယံ) ရင်းနှီးမြှုပ်နှံမှုအပေါ်  စုစုပေါင်းပေးဆောင်ရသည့်အခွန်မှ ၁ ရာခိုင်နှုန်းသာ ကင်းလွတ်ခွင့်ရသဖြင့် တောင်ကိုရီးယားဝမ်ငွေ ၄၀ ဘီလီယံသာပြန်ရခဲ့ပါသည်။ သို့သော် မူဝါဒအသစ်အရ Tax Incentives အဖြစ် တောင်ကိုရီးယားဝမ်ငွေ ၅၀၀ ဘီလီယံအထိ ပြန်ရမည်ဖြစ်ပြီး အဆိုပါမူဝါဒအသစ်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ အစောပိုင်းတွင် အသက်ဝင်မည်ဖြစ်ပါသည်။

မူဝါဒအသစ်ထွက်ပေါ်လာခြင်းမှာ တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိမူဝါဒသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံများ (ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒ) နှင့် နှိုင်းယှဉ်လျှင် အတော်လေးအားနည်းပါသည်။ အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွမှုလျှော့ချသည့်အက်ဥပဒေ (Inflation Reduction Act) အရ လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည်  ပေးဆောင်ရမည့်အခွန်စုစုပေါင်းမှ ၃၀ ရာခိုင်နှုန်းအထိ ပြန်အမ်းငွေရနိုင်ပါသည်။  အမေရိကန်ပြည်ထောင်စု၏ Inflation Reduction Act အရ Hyundai Motor သည် ဂျော်ဂျီယာပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိသည့် လျှပ်စစ်ကားစက်ရုံ တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ပြန်အမ်းငွေ ရရှိနိုင်ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် လျှပ်စစ်ကားတင်ပို့မှု အလွန်အမင်းမြင့်မားလာပြီး ၂၀၂၂ ခုနှစ်က လျှပ်စစ်ကားတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ ဝင်ငွေရရှိခဲ့ပါသည်။ ယင်းပမာဏသည် ၂၀၁၈ ခုနှစ်က တင်ပို့ခဲ့မှုမှ ရရှိသည့်ဝင်ငွေထက် ၇.၅ ဆ မြင့်မားခဲ့ပြီး ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့တတိယမြောက် လျှပ်စစ်ကားတင်ပို့မှုအများဆုံး နိုင်ငံဖြစ်လာခဲ့ပါသည်။

 

 

Source:  Korea Joongang Daily 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: International News