International News

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၉ သန်းခန့်အထိ တိုးမြင့်တင်သွင်းနိုင်ကြောင်း ခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း စပါးအထွက်နှုန်း အနည်းငယ်လျော့ကျနိုင်သည့် အတွက် ဆန်တန်ချိန်မက်ထရစ်တန် ၄.၉ သန်းခန့်အထိ တင်သွင်းနိုင်သည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန ( US Department of Agriculture- USDA) မှ ခန့်မှန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် စပါးအထွက်နှုန်းမှာ လျော့ကျနိုင်ပြီး well milled မက်ထရစ်တန်ချိန် ၁၂.၃ သန်းနှင့်ညီမျှသော ပမာဏခန့်သာ ထွက်ရှိနိုင်ကြောင်း လျှော့ချခန့်မှန်းထားပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (မူလ) ခန့်မှန်းချက်မှာ ဆန်တန်ချိန် မက်ထရစ်တန်ချိန် ၁၂.၂ သန်းနှင့်ညီမျှသော စပါးအထွက်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်ပါ သည်။

၂၀၂၄ ခုနှစ်အတွင်း စပါးအထွက်နှုန်း မက်ထရစ်တန်ချိန် ၂၀.၁ သန်းရှိမည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ခန့်မှန်းထားခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်အထိ ခန့်မှန်းထားသည်ထက် ၁၁.၄%၊ မက်ထရစ်တန်ချိန် ၃.၃၆ သန်းထိ အထွက်နှုန်း လျော့ကျခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။ အယ်နီညိုရာသီဥတုသည် ဇွန်လကုန်ထိ သက်ရောက်ခဲ့ပြီး ထပ်မံ၍လာနီညာမှာ စက်တင်ဘာလနှင့် နိုဝင်ဘာလကြား ထိဆက်လက်ဖြစ်ပေါ်ရန် ၇၁% ခန့်ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ခန့်မှန်းထားပါကြောင်း၊ ထို့ပြင် အားကောင်းသည့် တိုင်ဖွန်းများလည်း ဝင်ရောက်မှုများ ရှိခဲ့ခြင်းတို့ကြောင့် စပါးအထွက် နှုန်းပေါ်ထိခိုက်မှုများ ရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အယ်နီညိုနှင့်လာနီညာ နှစ်ခုစလုံးသည် ပြင်းထန်သော တိုင်ဖွန်းများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ၂၀၂၄ ခုနှစ်အတွက် စပါးထွက်ရှိမှုအပေါ် များစွာသက်ရောက်မှုများ ရှိခဲ့သဖြင့် ဆန်တင်သွင်းမှု တိုးမြင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၃-၁၀-၂၀၂၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန်ချိန် ၃.၂၉ သန်းရှိပြီဖြစ်ကြောင်း Bureau of Plant and Industry မှ ထုတ်ပြန်ထားပါသည်။ သမ္မတမားကို့စ်မှ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်း ၃၅% မှ ၁၅% သို့ လျှော့ချပေးသည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ ကို ပြီးခဲ့သည့် ဇွန်လက အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။

အစိုးရမှ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်း လျှော့ချပေးခဲ့သော်လည်း ဆန်ဈေးနှုန်းမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သဖြင့် ဆန်တင်သွင်းသူများနှင့် ကုန်သည်များတွင်သာ အကျိုး အမြတ်တိုးပွားလာခြင်းဖြစ်သည်ဟု ပြောကြားနေမှုများလည်း ရှိခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းဆန်ထုတ်လုပ်နိုင်မှုနှင့် မလုံလောက်သဖြင့် ၂၀% ခန့်ကို ပြည်ပမှ တင်သွင်းနေရပါ ကြောင်း၊ အမိန့်ကြော်ငြာစာ ၆၂ အသက်ဝင်ပြီး အပြည့်အဝ အကျိုးသက်ရောက်စေသည့် အောက်တိုဘာလလယ်မှစ၍ ဆန်ဈေးနှုန်းများ ကျဆင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားထားပါသည်။

တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုဆိုင်ရာမူဝါဒ ပြန်လည်ပြောင်းလဲလိုက်ခြင်းက အာရှဈေးကွက်နှင့် အာဖရိကဈေးကွက်များအပေါ် များစွာသက်ရောက်မှုရှိစေပြီး ကမ္ဘာ့ ဆန်ဝယ်လိုအားတိုးမြင့်လာနိုင်ပြီး ဆန်ဈေးနှုန်း ကျဆင်းနိုင်ကြောင်းကိုလည်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ၃-၁၀-၂၀၂၄ ရက်နေ့အထိ မက်ထရစ်တန်ချိန် ၃.၂၉ သန်းထိ ရောက်ရှိထားပြီးဖြစ်ပါကြောင်း၊ တင်သွင်းမှုများအနက် ဗီယက်နမ်နိုင်ငံ၏ တင်သွင်းမှုမှာ မက်ထရစ်တန်ချိန် ၂.၆ သန်း၊ ထိုင်းနိုင်ငံမှ တန်ချိန်  ၄.၁ သိန်း ကျော်၊ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၁.၅ သိန်းကျော်၊ မြန်မာနိုင်ငံမှ ၇၆,၉၇၁ တန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကျန်ပမာဏမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကမ္ဘောဒီယား၊ အီတလီနှင့်စပိန်တို့မှ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ အယ်နီညိုနှင့် လာနီညာရာသီဥတု ဖြစ်ပေါ်မှု၊ တိုင်ဖွန်းဝင်ရောက်ခဲ့မှုများနှင့် ရေလွှမ်းမိုးမှုခဲ့မှုတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ စပါးအထွက်နှုန်းများ ကျဆင်းခဲ့သဖြင့် ဖိလစ်ပိုင် နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်တင်သွင်းမှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်နိုင်ကြောင်း တင်ပြအပ်ပါသည်။

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://www.bworldonline.com/agribusiness/2024/10/14/627508/phl-rice-import-forecast-raised-to-4-9-mmt-in-2025/

 

 

Category: International News