International News

အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (International Energy Agency – IEA) က ၎င်း၏ ပထမဦးဆုံးရုံးခွဲကို စင်ကာပူနိုင်ငံတွင် တည်ထောင်

Last Updated:

   စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ (International Energy Agency – IEA) တို့က အရှေ့တောင်အာရှနှင့် အခြားဒေသတွင်း၌ စွမ်းအင်ဖူလုံရေး၊ သန့်ရှင်းသောစွမ်းအင် အရှိန်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုစင်တာ (International Energy Agency Regional Cooperation Centre) ကို စင်ကာပူနိုင်ငံတွင် တည်ထောင်ကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါစင်တာသည် IEA ၏ ပထမဦးဆုံးရုံးခွဲဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် လုပ်ငန်းများစတင် ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည်။

   အဆိုပါပူးပေါင်းဆောင်ရွက်မှုစင်တာသည် ဒေသတွင်းနှင့် ဒေသတွင်းပြင်ပတို့တွင် IEA ၏ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများအတွက်ဖြစ်ပြီး မူဝါဒရေးရာလမ်းညွှန်ချက်များ၊ နည်းပညာအကူအညီများ၊ သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်အစီအစဉ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ္ဍာငွေရရှိစေခြင်းတို့ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုနှင့် အခြားသန့်ရှင်းသော စွမ်းအင်အတွက် နည်းပညာများအသုံးချမှုတို့ကို အရှိန်မြှင့်တင်စေရေးကို အလေးပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    စင်ကာပူနိုင်ငံသည် IEA ကို ၂၀၁၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင် အာရှတွင် Singapore-IEA Regional Training Hub နှင့် Singapore-IEA Forum တို့မှ တစ်ဆင့် စွမ်းအင်ဆိုင်ရာမူဝါဒဖလှယ်မှုများ၊ စွမ်းဆောင်ရည်မြှင့်အစီအစဉ်များကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

    စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr. Tan See Leng က ပူးပေါင်းဆောင်ရွက်မှုစင်တာသည် စင်ကာပူနိုင်ငံနှင့် IEA အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ပြတ်လပ်မှုကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းရှိရေးတို့အတွက် အကြံဉာဏ်များ ဆက်လက်ပေးခြင်းဖြင့် ဒေသတွင်း၏ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးကို လှုံ့ဆော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စင်ကာပူနိုင်ငံ Energy Market Agency (EMA) ၏ Chief Executive ဖြစ်သူ Mr. Ngiam Shih Chun က EMA နှင့် IEA တို့အကြား စွမ်းအင်ဖူလုံရေး၊ အခြေခံအဆောက်အအုံဆိုင်ရာရန်ပုံငွေ၊ နယ်စပ် ဖြတ်ကျော်လျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်မှုစသည်တို့တွင် Singapore-IEA Regional Training Hub နှင့် Singapore-IEA Forum တို့မှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စင်တာသည် ဒေသတွင်းစွမ်းအင် ကူးပြောင်းမှုလမ်းကြောင်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

   IEA ၏ Executive Director ဖြစ်သူ Dr. Faith Birol က စင်ကာပူတွင် ဖွင့်လှစ်သည့် IEA ရုံးအသစ်သည် IEA နှင့်အရှေ့တောင်အာရှအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ ပြည်သူများအတွက် တတ်နိုင်ပြီး ယုံကြည်စိတ်ချရသည့် အဆင့်မီစွမ်းအင်များ သုံးစွဲခွင့်ရရှိစေရေး နိုင်ငံများက ဆောင်ရွက်နေမှုတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

   စင်ကာပူနိုင်ငံသည် ၎င်း၏ စွမ်းအင်ဖူလုံရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားတစ်ဖက်တွင်လည်း ၎င်း၏ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေးတို့အတွက် ကာဗွန်နည်းလျှပ်စစ်ဓာတ်အား အသုံးပြုခြင်းကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

 

 

ရင်းမြစ်။        Ministry of Trade and Industry

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: International News