ဂျပန်အစိုးရအနေဖြင့် Green Hydrogen ကဲ့သို့သော ကာဗွန်ထုတ်လုပ်မှုလျော့နည်း စေသည့် နည်းပညာများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ များပြားလာစေရေန်နှင့် နိုင်ငံ၏ လျှပ်စစ်နှင့်စက်မှုကဏ္ဍများတွင် အစိမ်းရောင် အသွင်ကူးပြောင်းမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ၁၀ နှစ်တာကာလအတွင်း ယန်း ၂၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံ) တန်ဖိုးရှိ Climate Transition Bond များကို ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိပါသည်။
အဆိုပါ သတင်းတွင် ပထမဆုံးအကြိမ်အနေဖြင့် ယန်း ၁.၆ ထရီလီယံတန်ဖိုးရှိ Climate Transition Bond များကို ယခုအပတ်အတွင်း ရောင်းချသွားရန် ရှိကြောင်းနှင့် ကမ္ဘာ့ပထမဆုံး Sovereign Climate Transition Bond များ ဖြစ်မည် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဟောင် ကောင်မှ လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သည့် CLP Holding အနေဖြင့် Corporate Transition Bond များ ရောင်းချခဲ့ဘူးကြောင်း ဖော်ပြထားပါသည်။
ယခု ဂျပန်အစိုးရအနေဖြင့် Climate Transition Bond များ ထုတ်ရောင်းရာတွင် Emission Trading System (ETS) မှ ရရှိသည့် ဝင်ငွေများကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ယခင်နှစ်၊ ဧပြီလတွင် ETS စနစ်ကို Voluntary Market အနေဖြင့် စတင်အသုံးပြုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံ့ကာဗွန်ထုတ်လွှတ်မှု၏ ၄၀ ရာခိုင်နှုန်းကို ကိုယ် စားပြုလျက်ရှိသည့် ကုမ္ပဏီပေါင်း ၆၇၀ မှ အဆိုပါ စနစ်တွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၃၃ ခုနှစ်မှစတင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတွင် ကာဗွန်ထုတ်လွှတ်မှုအပေါ် ကောက်ခံသွားမည့် အခွန်ရငွေများကို အသုံးပြု၍ Transition Bond များကို ပေးချေနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ရုပ်ကြွင်းလောင်စာ တင်သွင်းခြင်းအပေါ်တွင်လည်း ၂၀၂၈ ခုနှစ်မှစတင်၍ အခွန်များ ကောက်ခံသွားမည် ဖြစ်ကာ အဆိုပါ ရငွေများကိုလည်း Transition Bond များအတွက် ပေးချေနိုင်ရေး သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ ယခုကဲ့သို့ ဆောင်ရွက်ချက်သည် အာရှနိုင်ငံများအတွက် အားကျဖွယ် လုပ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် အာရှနှင့်ကမ္ဘာ့နိုင်ငံ အနည်းငယ်တွင်သာ Emission Trading System ကို ကျင့်သုံးလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ အများစုအနေဖြင့် ပဲရစ်သဘောတူညီချက်နှင့်အညီ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှု လျော့ချရေးဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီနိုင်ရေးအတွက် ဘဏ္ဍာငွေများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် EU အနေဖြင့် ကာဗွန်အသုံးပြု၍ ထုတ်လုပ်ခဲ့သည့် ကုန်စည်များ ဒေသအတွင်း တင်သွင်းလာပါက အခွန်ကောက်ခံသွားမည့် Carbon Border Adjustment Mechanism ကို ကျင့်သုံးခြင်းဖြင့် ရေရှည်မျှော်မှန်းချက်များ ပြည့်မီနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံမှ ကျင့်သုံးလျက်ရှိသည့် Emission Trading System သည် Voluntary ဖြစ်ပြီး စတင်ကျင့်သုံးသည့်စနစ်တွင် ကာဗွန်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် လုပ်ငန်းတွင် ကာဗွန်လျော့ချမည့် ရည်မှန်းချက်များကို ကိုယ်တိုင်သတ်မှတ်ကြရပြီး သတ်မှတ် ချက်များ ပြည့်မီပါက Carbon Credit များ ရရှိပြီး၊ ကာဗွန်ထုတ်လုပ်မှုများပြားသည့် လုပ်ငန်း များသို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် Emission Trading System ကို ၂၀၂၆ ခုနှစ်တွင် Mandatory စနစ်သို့ ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ပြီး၊ အများဆုံး ကာဗွန်ထုတ်လွှတ်ခွင့်ပြုနိုင်သည့် ပမာဏကိုလည်း ပိုမိုတင်းကြပ်စွာ သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ငွေချေးစာချုပ်များ (Climate Transition Bond) ရောင်းချခြင်းမှ ရရှိသည့်ငွေများကို ကာဗွန်လျော့ချနိုင်ရေးအတွက် ပံ့ပိုးမှုများ (Subsidies) ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးနှင့်ကြွေးမြီအာမခံချက်များ(Debt Guarantees)ပေးနိုင်ရေးအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရန် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ကာဗွန်၊ ရေနံ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် ကာဗွန်အခြေပြု လုပ်ငန်းများအပေါ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုအတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင် ရွက်မှုတစ်ရပ်အနေဖြင့် အစိုးရများက ကာဗွန်အခွန်ကောက်ခံကြပါသည်။
ကာဗွန်အခွန်ကဲ့သို့သော စီးပွားရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုစနစ်တစ်ခုမှာ Cap-and-Trade System (သို့မဟုတ်) Emissions Trading System (ETS) ဖြစ်ပါသည်။ Emissions Trading System (ETS) သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် အခြေခံ၍ ဆောင်ရွက်သည့် စနစ်ဖြစ်ပြီး လုပ်ငန်းများနှင့် ကုမ္ပဏီများအနေဖြင့် တစ်နှစ်လျှင် လေထုထဲသို့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်နိုင်မည့်ပမာဏကို လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ အစိုးရကကန့်သတ်၍ ကာဗွန်(၁)တန်လျှင် Carbon Credit (၁) ခုနှုန်း သတ်မှတ်၍ ထုတ်ပေးပါသည်။
အဆိုပါ Carbon Credit ကို တရားဝင် ရောင်းချနိုင်ပြီး အစိုးရက ကန့်သတ်ထားသည့် ပမာဏထက် ပိုမို၍ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်သည့် ကုမ္ပဏီများအနေဖြင့် ပိုမိုထုတ်လုပ် သည့် တန်ချိန်အတွက် Carbon Credit ဝယ်ယူရမည် ဖြစ်ပါသည်။ ထိုသို့ ဝယ်ယူရခြင်းဖြင့် ပေးဆောင်ရသည့် ကာဗွန်အခွန်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ဈေးကွက် အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှု၏ တန်ဖိုးမြင့်တက်စေသည့်အတွက် ယှဉ်ပြိုင်နိုင်စွမ်း လျော့ နည်း လာစေမည် ဖြစ်ပါသည်။ ထိုသို့ ကာဗွန်အခွန် ပေးဆောင်စေခြင်းဖြင့် ကာဗွန်ထုတ်လုပ် သည့် ကုမ္ပဏီကြီးများမှ ၎င်းတို့အား ခွင့်ပြုသတ်မှတ်ထားသည့် ကာဗွန်ပမာဏထက် ကျော်လွန် သုံးစွဲခြင်း မပြုစေရေးနှင့် ကုမ္ပဏီအားလုံး၏ ကာဗွန်သုံးစွဲမှုပမာဏကို လျှော့ချနိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိပါသည်။
ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ကာဗွန်အခွန် ကောက်ခံ လျက်ရှိပြီး လက်ရှိတွင် ကာဗွန်တစ်တန်လျှင် ၂၈၉ ယန်း ကောက်ခံလျက် ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် ကမ္ဘာ့ပထမဆုံးအဖြစ် ၁၀ နှစ်သက်တမ်းရှိသော ယန်း ၈၀၀ ဘီလီယံတန်ဖိုးရှိ Sovereign Climate Transition Bond များကို ၁၄-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ထပ်မံ၍ ယန်း ၈၀၀ ဘီလီယံတန်ဖိုးရှိ Sovereign Climate Transition Bond များကို ၂၇-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ယန်း ၁.၄ ထရီလီယံ တန်ဖိုးရှိ Sovereign Climate Transition Bond များကို လာမည့်နှစ်တွင် ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။
Source: The Nikkei Asia (၁၂-၂-၂၀၂၄)
(စီးပွားရေးသံမှူး၊ တိုကျိုမြို့)