International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုများ ဆက်၍ တိုးတက်လာသည်ကို တွေ့ရှိရ

Last Updated:

တိုးတက်လာသော ကုန်သွယ်မှုပုံစံနှင့် မြေပြင်နိုင်ငံရေးတင်းမာမှုများ၊ ပြင်ပဝယ်လိုအား အတက်အကျများကဲ့သို့သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နိုင်ငံ၏ တက်ကြွသောဆောင်ရွက်မှုများကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် တည်ငြိမ်နေမည်ဖြစ်ကြောင်း ပညာရှင်များက ပြောခဲ့သည်။ နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (Global supply chain) ကို ပံပိုးရာ၌ အဓိက အခန်း ကဏ္ဍတွင် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ GDP ကို အဓိကပံ့ပိုးပေးသည့် ပို့ကုန်ကဏ္ဍတွင် နိုင်ငံ၏ စက်ရုံအလုပ်ရုံများ သည် နိုင်ငံခြား ဖောက်သည်များ၏ ပြောင်းလဲလာသော လိုအပ်ချက်များနှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် နိုင်ငံ၏ GDP ပိုမိုလာနိုင်ဖွယ်ရှိကြောင်း မျှော်လင့်ထားပါသည်။

China Everbright Bank မှ လေ့လာသုံးသပ်သူ Zhou Maohua က တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးတိုးတက်မှု နည်းစနစ်သစ်များသည် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ နှင့် Belt and Road Initiative ၌ ပတ်သက်သည့် နိုင်ငံများတွင် အလားအလာကြောင်းများရှိလာ ကြောင်း ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ် ပထမလေးလပတ် တွင် ယွမ် ၁၃ ဒသမ ၃၂ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ထရီလီယံ) ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရ သိရသည်။ ပို့ကုန်တင်ပို့မှုမှာ ယွမ်ငွေ ၇ ဒသမ ၆၇ ထရီလီယံအထိရှိပြီး ယခုနှစ်အတွက် ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေး၏ ပို့ကုန်အလားအလာအပေါ် စျေးကွက်စိုးရိမ်မှုများကို ပိုမိုဖြေလျှော့ ပေးနိုင်ခဲ့သည်။

ဇန်နဝါရီလနှင့် ဧပြီလအကြား တရုတ်နိုင်ငံ၏ ပို့ကုန်များ၏ အားကောင်းမှုသည် စွမ်းအင် သုံးမော်တော်ကားသစ်များ၊ လီသီယမ်-အိုင်းယွန်း ဘက်ထရီများနှင့် ဆိုလာဆဲလ်များ အပါအဝင် ၎င်း၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသော အစိမ်းရောင်နှင့် တန်ဖိုးကြီးစက်မှုကုန်ထုတ်လုပ်ငန်း များကြောင့် တိုးတက်လာခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ပြည်ပနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု တဖြည်းဖြည်း လျော့ပါးလာသောကြောင့် ပြည်ပဝယ်လိုအားသည် တတိယနှင့် စတုတ္ထသုံးလပတ်တွင် ဆက်လက်ကောင်းမွန်လာနိုင်မည်ဟု Zhou က ခန့်မှန်းခဲ့သည်။

GAC ၏ စာရင်းအင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုဌာန ညွှန်ကြားရေးမှူးချုပ် Lyu Daliang က အစိုးရ၏ အသစ်မိတ်ဆက်လိုက်သော မူဝါဒများသည် နိုင်ငံခြားကုန်သွယ်မှု၏ တည်ငြိမ်မှု၊ နည်းစနစ်နှင့် အရည်အသွေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပို့ကုန်ကို ဦးတည်သည့်ကုမ္ပဏီများ၏ ယုံကြည်မှုနှင့် ခွန်အားကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဥပမာ အားဖြင့် တရုတ်နိုင်ငံသည် အော့ဖ်လိုင်းကုန်စည်ပြပွဲများစွာကို လက်ခံကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပြန်လည်စတင် ပြေးဆွဲခြင်းကို မြှင့်တင်သွားမည်ဖြစ် သည်။

နိုင်ငံအလိုက် ကုန်သွယ်မှုလမ်းညွှန်ချက်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ကားထုတ်လုပ်သည့် လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန်နှင့် ၎င်းတို့၏ နိုင်ငံတကာ ဈေးကွက်ရှာဖွေရေးနှင့် ဝန်ဆောင်မှုနည်းစနစ်များ တိုးတက်ကောင်းမွန်ရန် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အလတ်စား၊ အငယ်စားနှင့် အသေးစား ကုမ္ပဏီများအတွက် နိုင်ငံခြားကုန်သွယ်မှု ဘဏ္ဍာငွေဝန်ဆောင်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ယခင်လက ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။

“ဒီအစီအမံတွေက တစ်နှစ်ပတ်လုံး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မှာပါ” ဟု Lyu က ဆိုသည်။

Chasing International Economic Institute ၏ လက်ထောက်ဒါရိုက်တာ Wu Chaoming က ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်မှု အားကောင်းလာမည်ဟု သုံးသပ်ထားသည်။ တရုတ်၏ စက်မှုလုပ်ငန်းစနစ် ခေတ်မီဖွံ့ဖြိုးလာစေရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန်ဟူသော ကတိကဝတ်ပြုမှုသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်ပမှ ငွေကြေးထောက်ပံ့သည့် ကုမ္ပဏီများကို ဆန်းသစ် တီထွင်မှုနှင့် ထုတ်လုပ်မှုတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် လှုံ့ဆော်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

China Center for International Economic Exchanges ၏ သုတေသီ အကြီးအကဲ Zhang Yansheng က ပြည်တွင်းထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ရန်၊ တစ်ကမ္ဘာလုံးရှိ ဝယ်ယူသူများသို့ တန်ဖိုးမြင့်ထုတ်ကုန်များ ပေးအပ်နိုင်ရန်နှင့် အမှာစာများ ပိုမိုရရှိရန် အခွင့်အလမ်းကို ထိန်းသိမ်းထားသင့်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥရောပနိုင်ငံအချို့နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ဝယ်လိုအား ကျုံ့သွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာမိရန် နိုင်ငံတကာစျေးကွက်များ ကွဲပြားအောင် ပိုမိုကောင်းမွန်စွာ အသုံးချရမည်ဖြစ်သည်။ BRI နှင့် ASEAN တွင် ပါ၀င်သည့် နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးချဲ့ရန် ပိုမိုကြိုးပမ်း သင့်ကြောင်း Zhang က ပြောကြားခဲ့သည်။

Henan ပြည်နယ် Zhengzhou အခြေစိုက် Zhengzhou Yutong Bus Co.,Ltd သည် ပြည်ပ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ဘတ်စ်ကားများကို တင်ပို့နေပြီဖြစ်သည်။ ယခုနှစ်တွင် Uzbekistan ၏ မြို့တော် Tashkent သို့ စွမ်းအင်သစ်ဘတ်စ်ကား အစီး ၈၀၀ အား ထောက်ပံပေးမည်ဖြစ်သည်။

ကုမ္ပဏီ၏ ပြည်ပစီးပွားရေးယူနစ်၊ အကြီးတန်းအမှုဆောင်အရာရှိဖြစ်သူ Li Haifeng က လျှပ်စစ်ဘတ်စ်ကား အစီး ၃၀၀ နှင့် သဘာဝဓာတ်ငွေ့သုံး ဘတ်စ်ကား အစီး ၅၀၀ ဖြင့် ဖွဲ့စည်းထားသော အဆိုပါတင်ပို့မှုသည် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားများအတွက် Uzbekistan တွင် အကြီးဆုံး ဈေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRI နှင့် ဆက်စပ်သော စျေးကွက်များသို့ ဘတ်စ်ကားအစီးရေ အစီး ၆၈,၀၀၀ ခန့် တင်ပို့ နိုင်ခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလကုန်တွင် စုစုပေါင်း ဘတ်စ်ကားအစီးရေ ၈၆,၀၀၀ ဝန်းကျင် တင်ပို့ ခဲ့ကြောင်း Li က ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ၎င်းစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၁၅ နိုင်ငံစလုံးအတွက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် အပြည့်အဝအသက်ဝင်ရန် စီစဉ်ထားကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလတွင် ပြောကြားခဲ့သည်။

သဘောတူညီချက်ကို အပြီးသတ်အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံနှင့် အခြား ပါဝင်နိုင်ငံများကြား ပို့ကုန်နှင့် သွင်းကုန်များ တိုးမြင့်လာစေရန် အထောက်အကူဖြစ်စေကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအကယ်ဒမီ၏ ပညာရေးဆိုင်ရာ ကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူး Zhang Jianping က ပြောကြားခဲ့ သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (Global Supply Chain) ကို ထောက်လှမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။

အရင်းအမြစ်၊ China Daily

စီးပွားရေးသံမှူး၊ ကူမင်းမြို့

Category: International News