International News

ငွေကြေးဖောင်းပွမှုကိုတိုင်းတာသည့် အဓိကအညွှန်းကိန်းများသည် ယခုနှစ်ဧပြီလတွင် အနိမ့်ဆုံးသို့ ကျဆင်းခဲ့သဖြင့် အမေရိကန်၏ ငွေကြေးဖောင်းပွမှု တည်ငြိမ်လာခဲ့

Last Updated:

ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းများသည် ယခုနှစ်ဧပြီလတွင် အနိမ့်ဆုံးသို့ ကျဆင်းလာခဲ့သကဲ့သို့ ငွေကြေးဖောင်းပွမှုသည်လည်း တည်ငြိမ်လာခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၅-၅-၂၀၂၄ ရက်၌ “Inflation Eases as Core Index Hits Lowest Level Since 2021” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိက အညွှန်းကိန်းများသည် ၂၀၂၁ ခုနှစ်၊ နွေရာသီနောက်ပိုင်းမှစ၍ ယခုနှစ်ဧပြီလတွင် အနိမ့်ဆုံးသို့ကျဆင်းခဲ့သဖြင့် ငွေကြေး ဖောင်းပွမှုသည်လည်း အနည်းငယ်တည်ငြိမ်လာခဲ့ကြောင်း၊ စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) သည် ယခုနှစ်ဧပြီလတွင် ယခင်နှစ်ကထက် (၃.၄) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ယခုသီတင်းပတ်၌ ထုတ်ပြန်ခဲ့ကြောင်း၊ ဈေးနှုန်းအတက်အကျများသည့် စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်မထားသည့် Core Prices မှာ (၃.၆) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းတိုးနှုန်းများသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှုလျှော့ချရန် ဆောင်ရွက်ချက်များသည် ရင်းနှီး မြှုပ်နှံသူများအတွက် လက္ခဏာကောင်းတစ်ရပ်ဖြစ်ကြောင်း၊ (၁၀) နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းမှာ လျော့ကျလာခဲ့သော်လည်း ယခုသီတင်းပတ်အတွင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အတိုးနှုန်းကို မည်သည့်အချိန်၌ လျှော့ချနိုင်မည်ကို မခန့်မှန်းနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီကာလအောက် လျော့နည်းမှသာ လျှင် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ချရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အမေရိကန်နိုင်ငံသားများအပေါ် ဖိအားဖြစ်စေပြီး လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းမှာလည်း ငွေကြေးဖောင်းပွလာစေရန် တွန်းအားပေးနေသကဲ့သို့ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဗဟိုဘဏ်က ၎င်း၏ငွေကြေးဖောင်းပွမှု ရည်မှန်းချက်ဖြစ်သည့် (၂) ရာခိုင် နှုန်းသို့ ရောက်ရှိရန် ငွေကြေးမူဝါဒကို တင်းကျပ်လိုက်ခြင်းကြောင့် အလုပ်အကိုင်ခန့်ထားမှု တိုးတက်နှုန်း လျော့ကျခြင်းနှင့် စီးပွားရေးကျဆင်းမှု အန္တရာယ်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရပါသည်။

နေ့စဉ်သုံးစားသောက်ကုန်များနှင့် မော်တော်ယာဉ်များ၏ အသုံးစရိတ်သည် ယခုနှစ်ဧပြီလတွင် ယခင်လကထက် လျော့ကျခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်မှာလည်း တည်ငြိမ် လာခဲ့ကြောင်း၊ ဤအညွှန်းကိန်းများကြောင့် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လာမည့်လများတွင် လျှော့ချလာနိုင်ကြောင်း၊ အမေရိကန်နိုင်ငံသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် စီးပွားရေးတိုးနှုန်း မြင့်မားလျက်ရှိသော်လည်း ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းမြင့်မားခြင်းသည် သမ္မတဂျိုးဘိုင်ဒင်အတွက် နိုင်ငံရေးအရ ခေါင်းကိုက်စရာအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News