International News

ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းလျှော့ချပေးခဲ့သည့် မူဝါဒအပြောင်းအလဲသည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအားတိုးမြင့်စေနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဆန်တင်သွင်းမှုမူဝါဒ ပြောင်းလဲလိုက်ခြင်းနှင့် အခြားသော ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ မြင့်တက်လာသည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု တိုးမြင့်လာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ  ခန့်မှန်းပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၄.၆ သန်းထိရှိမည်ဟု ခန့်မှန်းထားရှိရာမှ မက်ထရစ်တန်ချိန် ၄.၇ သန်းထိ တိုးမြင့်ခန့်မှန်းခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန်မက်ထရစ် တန် ၃.၉ သန်း တင်သွင်းခဲ့သဖြင့် ၂၀% ခန့်ထိ တိုးမြင့်တင်သွင်းနိုင်ပြီး ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသည့်နိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

အစိုးရမှ ဆန်တင်သွင်းမှုအပေါ် ဖြေလျှော့ပေးခြင်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၆၂ ဖြင့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား ၃၅% မှ ၁၅ % ထိ လျှော့ချပေးခဲ့ ပါကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဌာန၏ ဇူလိုင်လ အစီရင်ခံစာအရ ဖိလစ်ပိုင်၊ မလေးရှားနှင့် Cote d’Ivoire တို့သို့ ဆန်တင်ပို့မှု တိုးမြင့်ခဲ့သည့်အတွက် ကမ္ဘာ့ဆန်တင်သွင်းမှု စုစုပေါင်းသည် မက်ထရစ်တန်ချိန် ၅၄.၂၉ သန်းထိ တိုးမြင့်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ တချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံ၏ ဆန်ထွက်ရှိမှုနှုန်း မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ဆန်ထွက်ရှိမှုနှုန်းလည်း မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၅၂၈.၁၇ သန်းထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပြင်ဆင်သတ်မှတ်လိုက်သည့် မူဝါဒအပြောင်းအလဲကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာနိုင်ပါကြောင်း၊ Rice Tariffication Law (2019) အရ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခြင်းအတွက် ကန့်သတ်ထားခြင်းများ မရှိတော့ပါ ကြောင်းနှင့် စားသုံးသူများအနေဖြင့် ပိုမိုသက်သာသည့်ဈေးနှုန်းဖြင့် ပြည်တွင်း၌ ရရှိနေသည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်း ဆန်စားသုံးမှုပမာဏသည် ၂၀၁၉-၂၀၂၀ ခုနှစ်က မက်ထရစ်တန်ချိန် ၁၄.၄ သန်းရှိရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၇.၅ သန်းခန့်ထိ မြင့်တက် ခဲ့ပါကြောင်း၊  ၂၀၁၇-၂၀၁၈ ကာလများက ဆန်စားသုံးမှု၏ ၁၀% ခန့်ထိ တိုးမြှင့်တင်သွင်းခဲ့ရပြီး ယခုပြင်ဆင်ထုတ်ပြန်လိုက်သည့် မူဝါဒအသစ်အရ စုစုပေါင်းစားသုံးမှု၏ လေးပုံတစ်ပုံထက် ကျော်သည့် ပမာဏထိ တင်သွင်းမှု တိုးမြင့်လာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ ဆန်တင်သွင်းမှုမြင့်တက်ခဲ့ခြင်းသည် ဖိလစ်ပိုင်နိုင်ငံနှင့် နိုင်ငံတကာကြား ပိုမိုနီးကပ်သည့် ဆက်သွယ်ချက်များ ဖြစ်ပေါ်လာကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဆန်တန်ချိန် မက်ထရစ်တန် ၂.၃ သန်းခန့်ထိ တင်သွင်းထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဆိုင်ရာ ပိုမိုတင်းကြပ်လာသော အခြေအနေတို့ကြောင့် အခြားသော ရောင်းချသူများထံသို့ ၎င်းတို့၏ ဝယ်ယူမှုအား ပြောင်းရွှေ့လျက်ရှိပြီး ထိုင်း၊ မြန်မာ၊ ပါကစ္စတန်တို့ထံမှ ပိုမိုတင်သွင်း လာပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သည့် ဆန်တင်ပို့မှုရပ်ဆိုင်းခဲ့သဖြင့် ထိုင်းနှင့် ဗီယက်နမ်တို့ထံမှ အမြင့်ဈေးနှုန်း (elevated price) တို့ဖြင့် ဝယ်ယူတင်သွင်းခဲ့ရပါသည်။ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းသူ/ဝယ်ယူသူများသည် အရှေ့တောင်အာရှနိုင်ငံများမှ အမြင့်ဈေးဖြင့် ဝယ်ယူတင်သွင်းရသဖြင့် ပြည်တွင်း ဆန်လက်လီဈေးနှုန်းသည်လည်း ပိုမိုမြင့်တက်လာခဲ့ပါကြောင်း၊ အစိုးရမှ ပြည်တွင်း ဆန်လက်လီဈေးနှုန်းမြင့်တက်နေမှုနှင့် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းတို့အား လျှော့ချပေးနိုင်ရန် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား လျှော့ချပေးခဲ့သည့် အမိန့်ကြော်ငြာစာအား ထုတ်ပြန်ခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းသူများအနေဖြင့် အဆိုပါအမိန့်ကြော်ငြာစာ အသက်ဝင်မည့် အချိန်ထိ ၎င်းတို့၏ တင်သွင်းမှုအား မပြုလုပ်သေးပဲစောင့်ကြည့်လျက်ရှိပါကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ ဆန်တင်ပို့မှု ဈေးနှုန်းသည်လည်း မေလက မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၈ ရှိရာမှ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၅၄၉ ထိ ၃% ခန့် ကျဆင်းခဲ့ပါသည်။

ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား လျှော့ချပေးလိုက်ခြင်းက ဆန်တင်သွင်းသူ ကုန်သည်များအား ၎င်းတို့လက်ဝယ်ရှိ ဆန်လက်ကျန်များအား ဈေးကွက်တွင်းသို့ဖြန့်ချိရန် တွန်းအားပေးသည့် အချက်တစ်ချက်ဖြစ်ပြီး မဖြန့်ချိပါက ၎င်းတို့အနေဖြင့် အရှုံး ရင်ဆိုင်ရစေနိုင်ပါကြောင်း၊ သို့သော် ဆန်လုပ်ငန်းကဏ္ဍ၏ သတင်းရင်းမြစ်များအရ ကုန်သည်များအနေဖြင့် အမြင့်ဈေးဖြင့် ဝယ်ယူခဲ့ရသည့်အတွက် ပိုမိုမြင့်မားသည့် ဈေးနှုန်းရလိုသည့် မျှော်လင့်ချက်ဖြင့်၎င်းတို့၏ဆန်လက်ကျန်များကို ဆက်လက်ကိုင်ဆောင်ထားဆဲဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source: https://www.manilatimes.net/2024/07/15/business/top-business/policy-shifts-to-boost-ph-rice-imports-says-usda

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News