International News

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းဆန်ဈေးနှုန်း အမြင့်တွင်ရှိရန် ထိုင်းပို့ကုန်လုပ်ငန်းရှင်များက မျှော်မှန်းထား

Last Updated:

အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ထားဆဲဖြစ်သဖြင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များက ယခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းဆန်ဈေးနှုန်းသည် အမြင့်တွင်ရှိသင့်ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ဖြစ်ကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ဆန်အဓိကတင်ပို့လျက်ရှိသော နိုင်ငံများဖြစ်ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ဆန် ဆက်လက်ဝယ်ယူတင်သွင်းမည်ဖြစ်သော်လည်း ဆန် တန်ချိန် ၄ သန်းကို ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံများစွာက ဝယ်ယူတင်သွင်းခဲ့ပြီး ဖြစ်သဖြင့် ယခုနှစ်အတွင်း ဝယ်ယူတင်သွင်းမှုသည် ယခင်နှစ်က ဝယ်ယူခဲ့သည့် ပမာဏအောက် လျော့နည်းနိုင်ကြောင်း၊ ထိုင်းဆန်တင်ပို့ခဲ့မှုသည် ယခင်နှစ်က တန်ချိန် ၈.၈ သန်းမှ ၈.၉ သန်းကြားရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၁၈၀ ဘီလီယံဖြစ်ကြောင်း၊ ဆန်ဖြူနှင့် ရနံ့ပါဆန် (Hom mali) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းမှာ အဓိက ဆန်တင်သွင်းသူများ၏ တင်သွင်းမှု အရှိန်မြှင့်တင်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်တင်ပို့ခဲ့မှုပမာဏသည် တန်ချိန် ၉၀၀,၀၀၀ ရှိခဲ့ပြီး အင်ဒိုနီး ရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့က မှာယူထားမှုကြောင့် ဇန်နဝါရီလအတွင်း တန်ချိန်များစွာတင်ပို့ရန် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် အမေရိကန်စသည့် အဓိကဈေးကွက်များကလည်း ၎င်းတို့နိုင်ငံတွင်း ဆန်ထုတ်လုပ်မှုလျှော့ချလိုက်ခြင်းကြောင့် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း အရန်ဆန်ကာမိစေရန် ဆန်ဖြူ၊ ကောက်ညှင်းဆန်နှင့် ရနံ့ပါဆန်များကို မှာယူနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊  ထိုင်းဆန် ထောက်ပံ့မှုသည် လုံလောက်နေဆဲဖြစ်ပြီး ဈေးနှုန်းသည်လည်း ယှဉ်ပြိုင်နိုင်ဆဲဖြစ်ကြောင်း Mr. Chookiat က ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်ဖြူ ၅ ရာခိုင်နှုန်း ဈေးသည် ၁ တန်လျှင် ထိုင်းနိုင်ငံက  အမေရိကန်ဒေါ်လာ ၆၅၉၊ ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၆၅၃ မှ ၆၅၇ ကြား၊ ပါကစ္စတန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၉၃ မှ ၅၉၇ ကြား အသီးသီးဖြစ်ကြောင်း၊ Parboiled ဆန် ၁ တန်လျှင် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၆၅၉၊ အိန္ဒိယက အမေရိကန်ဒေါ်လာ ၅၁၃ မှ ၅၁၇ ကြား၊ ပါကစ္စတန်က ၅၅၀ အသီးသီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အိန္ဒိယက ဆန်ပြန်လည်တင်ပို့ခွင့်ပြုနိုင်သောကြောင့် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့နိုင်ရန် ခန့်မှန်းထားပါကြောင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှုများကို  စောင့်ကြည့်ရန်လိုအပ်ကြောင်း Mr. Chookiat က ပြောကြားခဲ့သည်။

အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဆန်တန်ချိန် ၇.၉၅ သန်း တင်ပို့နိုင်ခဲ့ပြီး ဘတ် ၁၆၀ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: International News