International News

အကောက်ခွန်နှုန်းတိုးမြှင့်ရန်စိုင်းပြင်းနေသော ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အား စီးပွားရေး လုပ်ငန်းအမှုဆောင်အရာရှိချုပ်များက သဘောထားပျော့ပြောင်းရေး စည်းရုံးရန်ကြိုးပမ်း

Last Updated:

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို အနည်းငယ်ဖြေလျော့ပေးရန် သို့မဟုတ် ပြောင်းလဲရန်အတွက် စီးပွားရေးလုပ်ငန်းများ၏ အမှုဆောင်အရာရှိချုပ်များက စည်းရုံးပြောဆိုလျက်ရှိသော်လည်း ဒေါ်နယ်ထရမ့်က ၎င်း၏အမြင်ကို ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်သမ္မတတာဝန်ထမ်းဆောင်သည့်အချိန်တွင်အကောက်ခွန်ကို အစွန်းမရောက်သည့်အယူအဆဖြင့် အသုံးပြုရန်ဖြစ်နိုင်ခြေမရှိဟု ၎င်း၏အထောက်အကူပြုအဖွဲ့က စီးပွားရေးဆိုင်ရာအတိုင်ပင်ခံအဖွဲ့များသို့ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် လပိုင်းသာလိုတော့သည့်အချိန်တွင် အမေရိကန်နိုင်ငံ၌ အခြေစိုက်သည့်ကုမ္ပဏီများနှင့် ကမ္ဘာတစ်ဝှမ်းမှစီးပွားရေးလုပ်ငန်းများသည် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးပွဲများတွင် ပြောကြားခဲ့သည့် အဆိုပြုချက်များ၏ဖြစ်နိုင်ခြေကို ချိန်ဆလျက်ရှိကြကြောင်းသိရှိရပါသည်။

သွင်းကုန်အားလုံးအပေါ် အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံခြင်းသည် သွင်းကုန်တင်သွင်းသည့် အမေရိကန်အခြေစိုက်ကုမ္မဏီများအတွက် ဈေးနှုန်းများမြင့်တက်စေကာ ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်က ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်များကို (၂၅) ရာခိုင်နှုန်းကောက်ခံမည်ဟု လွန်ခဲ့သောလက ခြိမ်းခြောက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှသွင်းကုန်များကိုလည်း အကောက်ခွန် ၁၀ ရာခိုင်နှုန်းထပ်တိုးကောက်ခံမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါ သည်။

ထို့အပြင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သည့် BRICS အဖွဲ့ဝင်နိုင်ငံများကိုလည်း ဒေါ်လာနေရာတွင်အစားထိုးမည့်ငွေကြေးတစ်ရပ်ဖော်ဆောင်ပါက ၎င်းနိုင်ငံများမှသွင်းကုန်များကို အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဟုပြောကြားခဲ့ ကြောင်းသိရှိရပါသည်။ 

ဒေါ်နယ်ထရမ့်၏ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ရွေးချယ်ထားသူ Mr. Scott Bassent ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဒေါ်နယ်ထရမ့်နှင့် Mr. Scott Bassent တို့သည် စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေတို့ကြောင့် အမေရိကန်နိုင်ငံအပေါ်သက်ရောက်များနှင့် ပတ်သက်၍ နေ့စဉ်ဆက်သွယ် ပြောကြားလျက်ရှိပြီး ဒေါ်နယ်ထရမ့်ကမဟာဗျူဟာများချမှတ်၍ Mr. Scott Bassent က မဟာဗျူဟာများကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်လိမ့်မည် ဟုပြောကြားခဲ့ကြောင်းသိရှိရပါ သည်။  

နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်ထားသူ Mr. Marco Rubio ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က လည်း ရွေးကောက်ခံသမ္မတ၏ မျှော်မှန်းချက်ဖြစ်သည့် ကမ္ဘာ့စင်မြင့်တွင် အမေရိကန်နိုင်ငံအတွက် နေရာရရှိရေးနှင့် အမေရိကန်မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအတွက်မျှတသည့်ကုန်သွယ်ရေးစနစ်များဖော်ဆောင်ပေးရေးတို့နှင့် ပတ်သက်၍ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်၏ အကောက်ခွန်စနစ်ကိုပုံဖော်ရန်နှင့် ကာကွယ်ပေးရန် အဓိကအခန်း ကဏ္ဍတွင် ပါဝင်လာမည့်ပုဂ္ဂိုလ်များမှာ ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် ရွေးချယ်လျာထား သည့် နိုင်ငံခြားရေးဝန်ကြီး Mr. Marco Rubio ၊ ဘဏ္ဍာရေးဝန်ကြီး Mr. Scott Bassent ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr. Howard Lutnick နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Jamieson Greer တို့နှင့်အတူ ၎င်း၏အကြံပေး Mr. Peter Navarro တို့ဖြစ်ကြောင်းသိရှိရပါသည်။

 ဒေါ်နယ်ထရမ့်သည် အကောက်ခွန်ကို ဆွေးနွေးညှိနှိုင်းရန်နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုခြင်းဖြစ်ရာ လက်တွေ့အရေးယူဆောင်ရွက်ချက်တစ်ခုဖြစ်လာမည်မဟုတ်ဟု ရီပတ်ဘလစ်ကင်ပါတီဝင်များနှင့် ကုမ္ပဏီအချို့က ယူဆလျက်ရှိကြကြောင်းသိရှိရပါသည်။

သို့ရာတွင် ကုမ္ပဏီများသည် ၎င်းတို့၏အမြင်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံသမ္မတထံသို့ ပြောကြားနိုင်ရန် အဆက်အသွယ်ကောင်းသည့် ဥပဒေဝန်ဆောင်မှုလုပ်ငန်း များကိုငှားရမ်းလာကြရာ LG Electronics USA သည် အစိုးရအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ဝန်ဆောင်မှုကုမ္ပဏီ Capital Counsel ကိုလည်းကောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် GlobalFoundries ကလည်း Lobby Firm တစ်ခုဖြစ်သည့် Cozen O’Connor Public Strategies ကိုလည်းကောင်း ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာပြဿနာများ ကို စည်းရုံးပြောဆိုရန် ငှားရမ်းခဲ့ကြောင်း သိရှိရပါသည်။     

အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် သွင်းကုန်အားလုံးအပေါ် အကောက်ခွန် ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ သတ်မှတ်ကောက်ခံမည်ဟု ၎င်း၏မဲဆွယ်စည်းရုံးပွဲများ တွင်ပြောကြားခဲ့ရာ အကယ်၍ ယင်းအဆိုပြုချက်အတိုင်း အကောင်အထည်ဖော်ခဲ့ပါက အမေရိကန်နိုင်ငံအတွင်း ဈေးနှုန်းများမြင့်တက်နိုင်ပြီး ကုန်သွယ်ရေးဆိုင်ရာပြဿနာများနှင့် ကြုံတွေ့နိုင်သဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိချုပ်များက ၎င်းအခြေအနေဖြစ်ပေါ်လာမည် ကိုစိုးရိမ်လျက်ရှိပြီး ရွေးကောက်ခံသမ္မတနှင့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို စည်းရုံးပြောဆိုရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရပါသည်။  

Source: Wall Street Journal

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News