International News

တရုတ်နိုင်ငံသည် အဆင့်အတန်းမြှင့်သော နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် အဆင့်ဆင့်လုပ်ဆောင်နေ

Last Updated:

တရုတ်နိုင်ငံသည် အရည်အချင်းပြည့်မီသော လွတ်လပ်သောကုန်သွယ်မှုဇုန်များ(FTZs) နှင့် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း(FTP) တို့ကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အဆင့်မြှင့်သော နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်အောင် အဆင့်ဆင့် လုပ်ဆောင်ခြင်းဖြစ်သည်။

ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံ၊ တီယန်ကျင်း၊ ဖူကျန့် တို့၌ရှိသော လွတ်လပ်သောကုန်သွယ်မှုဇုန်များ (FTZs) နှင့် အခြားအရည်အချင်းပြည့်မီသော လွတ်လပ်သော ကုန်သွယ်မှုစမ်းသပ်ဇုန် များအပြင် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတို့တွင် စမ်းသပ်မှုကိုအခြေခံ၍ ပြုပြင်ပြောင်းလဲမှုများကို အလေးထားသည့် အစီအမံသစ်များကို မကြာသေးမီက မိတ်ဆက်ပေးခဲ့သည်။

ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ဆန်းသစ်တီထွင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုများတွင် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေခြင်း၊ လုပ်ငန်းရှင်များ ၏ ယာယီဝင်ရောက်မှုကို လွယ်ကူချောမွေ့စေခြင်းနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှု ကောင်မွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းတို့အပါအဝင် အဓိကနယ်ပယ်များစွာကို အလေးထား ဖော်ဆောင်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ Yangpu အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာဆိပ်ကမ်း

လွတ်လပ်သော ကုန်သွယ်မှုနယ်မြေများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ မူဝါဒအသစ် အစီအမံများသည် Comprehensive and Progressive Agreement for Trans-Pacific Partnership(CPTPP) နှင့် Digital Economy Partnership Agreement(DEPA) တို့တွင် ၎င်းပါဝင်ဆောင်ရွက်မှုအတွက် လက်တွေ့ကျသော အထောက်အကူဖြစ်စေကြောင်း တရုတ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စမ်းသပ်မှုများသည် တရုတ်နိုင်ငံအား အတွေ့အကြုံများရရှိအောင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ စံနှုန်းမြှင့်စီးပွားရေး ကုန်သွယ်မှုသဘောတူညီချက်များတွင် ပါဝင်လိုသောဆန္ဒရှိသည်ကို ပြသနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

FTZs အတွက် နောက်ထပ်အခွင့်အရေးများ

အစီအမံအသစ်များအရ ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်မှုဧရိယာများတွင် လည်ပတ်နေသော နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ တရုတ်လုပ်ဖော်ကိုင်ဖက်များ အတွက် ခွင့်ပြုပေးထားပြီးသော ဘဏ္ဍာရေးဝန်ဆောင်မှုအချို့ကို ဆောင်ရွက်ခွင့်ပြုထားမည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုများရယူရန်အတွက် နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်းများမှ လျှောက်လွှာများကို ဘဏ္ဍာရေးကဏ္ဍရှိ စည်းမျဉ်းအာဏာပိုင်များက အများဆုံးရက်ပေါင်း ၁၂၀ အတွင်း ဆုံးဖြတ်ချပေးရသည်။ သို့ရာတွင် ခိုင်လုံသော အကြောင်းပြချက်များရှိပါက လျှောက်ထားသူများအား ဆောလျင်စွာ အသိပေး၍ ခွင့်ပြုချက်ကို တားမြစ်ထားနိုင်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်ဟိုင်းမြို့၊ ရှန်ဟိုင်း ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်ရှိ Tesla Gigafactory

ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှေ့ပြေးဧရိယာဇုန်များတွင် ငွေကြေးဝန်ဆောင်မှုအသစ်များ ရယူဆောင်ရွက်ခြင်းများအတွက် တန်းတူညီတူ ဆက်ဆံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ငွေကြေးဝန်ဆောင်မှုပေးသူများအတွက် တရားမျှတပြီး ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရန်နှင့် ရှေ့ပြေးဧရိယာဇုန်များရှိ လုပ်ငန်းများနှင့် တစ်ဦးချင်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ပြောကြားခဲ့သည်။

ကုန်စည်ကူးသန်းရောင်းဝယ်မှု အားကောင်းလာစေရန် အစီအမံများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအစီအမံများတွင် အဓိကစက်မှုလုပ်ငန်းများ၌ ပြန်လည်ပြုပြင်ထုတ်လုပ်ထားသော ကုန်ပစ္စည်များ တင်သွင်းခြင်းအတွက် ရှေ့ပြေးစီမံကိန်းများ၊ ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတွင် ပြုပြင်ထားသည့် လေယာဉ်နှင့် ရေယာဉ်များအတွက် အခွန်ကင်းလွှတ်ခွင့်ရရှိခြင်းနှင့် သီးခြားတင်သွင်းဆောင်ရွက်သည့် ကုန်စည်များအတွက် ယာယီအခွန်နှုန်းထားနှင့် အခွန်ကင်းလွှတ်ခွင့်များ ပါဝင်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ Haikou International Duty-Free Shopping Complex

စမ်းသပ်ဧရိယာများတွင် လုပ်ငန်းခွဲများ၊ ရုံးခွဲများတည်ထောင်ရန် ရည်မှန်းထားသော မန်နေဂျာများအတွက် ၎င်းတို့၏ ယာယီနေထိုင်ခွင့်ကို နှစ်နှစ်အထိ သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့် မိသားစုဝင်များအတွက် တူညီသော နေထိုင်ခွင့်ကာလကို ရရှိမည်ဖြစ်သည်။ ယင်းသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ အလုပ်ခန့်ထားသော ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် သို့မဟုတ် လုပ်ငန်းခွဲများတည်ထောင်ရန် တရုတ်နိုင်ငံသို့ လာရောက်သည့် အမှုဆောင်အရာရှိများ၊ ၎င်းတို့၏အိမ်ထောင်ဖက်များနှင့် မိသားစုဝင်များအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။

အရည်အသွေးမြှင့် ဖွင့်လှစ်ရေးလမ်းကြောင်း

တရုတ်နိုင်ငံသည် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်းရာစီပွားရေးဖွံ့ဖြိုးမှုနှင့်‌ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုတို့ကို တွန်းအားပေးသည့် ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ထောက်ခံကြောင်း စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဖြေလျှော့ရေး သတ်မှတ်ချက်နှင့်အညီ တရုတ်နိုင်ငံသည် CPTPP သို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပါဝင်ရန် လျှောက်ထားခဲ့သည်။ ယင်းနှစ်အတွင်း၌ ချီလီ၊ နယူးဇီလန်နှင့် စင်ကာပူတို့ ပါဝင်သော DEPA သို့လည်း ပါဝင်ရန်လျှောက်ထားခဲ့သည်။ DEPA သည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရန် နောက်ထပ် ကတိကဝတ်များ ပေါင်းစည်းခြင်းဖြင့် CPTPP ကဲ့သို့သော လက်ရှိလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များအပေါ်တွင် တည်ဆောက်သည့် သဘောတူညီမှုတစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံသည် CPTPP ၏ စည်းမျဉ်းများ၊ စံချိန်စံညွှန်များနှင့် စီမံခန့်ခွဲမှုတာဝန်များကို လိုက်နာလျက် စမ်းသပ်စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိနေပြီ ဖြစ်သည်။ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်းနှင့် လွတ်လပ်သော ကုန်သွယ်မှု စမ်းသပ်ဇုန်များကို ရွေးချယ်၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။  ဥပမာအားဖြင့်၊ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းသည် စံနမူနာတစ်ခုဖြစ်သည်။ ၂၀၁၈ တွင် စတင်အဆိုပြုခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ရည်ရွယ်သည့် မူဝါဒများနှင့် အစီအမံပေါင်း ၁၈၀ ကျော်ကို အကောင်အထည်ဖော်ခဲ့ကြောင်း တွေ့ရှိနိုင်သည်။

ယခုနှစ် ဇန်နဝါရီလအထိ ဟိုင်နန်သည် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအတွက် သွင်းကုန်ခွန်အဖြစ် ယွမ် ၃ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၄၃၅.၇ သန်းခန့်) အား ကင်းလွှတ်ခွင့်ပြု ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းစဉ်များအတွက်လည်း ကင်းလွတ်ခွင့်ရရှိခဲ့သည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံကဲ့သို့ စီးပွားရေးအင်အားကြီးမားလာသည့်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်သော လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များကို အကောင်အထည်ဖော်ဆောင်၍ နိုင်ငံတကာ စံနှုန်းများ၊ သတ်မှတ်ချက်များနှင့် အညီ ကုန်သွယ်မှု ပြုနိုင်ရေး အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန်းများကဲ့သို့သော ကုန်သွယ်ရေးဇုန်များကို နယ်စပ်ဒေသတစ်လျှောက် တည် ထောင်၍ သက်ဆိုင်ရာအိမ်နီးချင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်စပ်ဒေသ လွတ် လပ်သောကုန်သွယ်ရေးဇုန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://news.cgtn.com/news/China-moves-to-align-with-high-standard-international-trade-rules-1llYHumR5tK/index.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News