International News

တရုတ်နိုင်ငံသည် ကျေးလက်ဒေသ ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်မည့် လုပ်ငန်းစီမံချက်ကို ချမှတ်ခဲ့

Last Updated:

တရုတ်အစိုးရသည် မြို့ပြနှင့်ကျေးလက်ဒေသများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ၏ ကျေးလက်ဒေသများ ပြန်လည် အားအင်ဖြစ်ထွန်းလာစေရေးအတွက် နိုင်ငံ၏ မြို့နယ်အဆင့် ကူးသန်းရောင်းဝယ်ရေးစနစ်များ အားကောင်းလာစေရန် (၃) နှစ်စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော (၃) နှစ်ကြာမြင့်မည့် လုပ်ငန်းစီမံချက်သည် ပြည်တွင်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို မြှင့်တင်ရန် ကြိုးပမ်းခြင်းဖြင့် နိုင်ငံ၏ ကျယ်ပြောလှသော ကျေးလက်ဒေသများတွင် စီးပွားရေးအားအင်သစ်ကို ဖြစ်စေမည်ဟု သိရှိရပါသည်။

ကျေးလက်တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရေးနှင့် ၎င်းတို့၏ စားသုံးမှုများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ကူးသန်းရောင်းဝယ်မှုစနစ်အား ခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက စီမံချက်ပါ အစီအမံများနှင့် ရည်မှန်းချက်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒေသတွင်း ကူးသန်းရောင်းဝယ်ရေး ကွန်ရက်များနှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုစနစ်များ တိုးတက်လာစေရန် ဗဟိုအစိုးရသည် မြို့နယ်များကို ရန်ပုံငွေများ ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ပြီး စီးပွားရေးစင်တာများ၊ ဈေးဆိုင်များ၊ မြို့နယ်ဈေးများနှင့် ကျေးရွာကုန်စုံဆိုင်များကို အဆင့်မြှင့်တင်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Li Gang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုအစိုးရ၏ ရန်ပုံငွေသည် ကျေးလက်စီးပွားရေးအဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုနှင့် စတိုးဆိုင်ခွဲလုပ်ငန်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော ကျေးလက်ဒေသများကို ခေတ်မီထောက်ပံ့ပို့ဆောင်မှု၊ လက်လီရောင်းချမှုနှင့် အခြားစီးပွားရေးပုံစံ သစ်များကို ဖော်ထုတ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထောက်ပံ့ပို့ဆောင်မှု၊ စီးပွားဖြစ်ကူးသန်း ရောင်းဝယ်မှုနှင့် လယ်ယာထွက်ကုန်အမှတ်တံဆိပ်များ ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင်ရန် အဆိုပါ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည်ဟု လီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူ Song Danyang က ၎င်းတို့ ဝန်ကြီးဌာနသည် လယ်ယာထွက်ကုန် အမှတ်တံဆိပ်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဒေသန္တရအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှုမှသည် လုပ်ငန်းလည်ပတ်မှုနှင့် စားသုံးမှုအထိ ပံ့ပိုးပေးမည်ဖြစ်ရာ မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးခြင်း၊ အရည်အသွေးမြှင့်တင်ခြင်း၊ အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စံချိန်စံညွှန်းနှင့်အညီထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရေးစင်တာများ၊ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ ထုပ်ပိုးမှုနှင့် အအေးခန်းဖြင့် သယ်ယူပို့ဆောင်ခြင်းများကဲ့သို့သော အခြေခံအဆောက်အဦးများကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနသည် ကျေးလက်ဒေသများမှ လယ်ယာထွက်ကုန်များကို မြို့ကြီးများသို့ ရောင်းချရာ၌ လွယ်ကူစေရန် ခရိုင်ပေါင်း (၁၁၀) တွင် စမ်းသပ်စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရ၏အချက်အလက်များအရ တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များ၏ အွန်လိုင်း လက်လီရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၅၃၁.၃၈) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံ) အထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၉.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ပြည်နယ်စာတိုက်ဗျူရိုမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Bian Zuodong က မြို့နယ်အဆင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးစင်တာများ၊ မြို့ပြနှင့် ကျေးရွာများတွင် အမြန်ချောပို့လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးနေရာများ တည်ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများထံ အိမ်အရောက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် အဆိုပါ လုပ်ငန်းစီမံချက်သည် မြို့နေလူထုအား ဆွဲဆောင်ရန် အပန်းဖြေခရီးသွားလာရေး အစီအစဉ်များ ဖော်ထုတ်၍ ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသော ကျေးလက်ဒေသများတွင် ခရီးသွားလုပ်ငန်းကို အားပေးကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံတွင် ခရီးသွားလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့် ရွာနှင့် မြို့ပေါင်း ပြည်နယ်အဆင့်တွင် (၆၀၀၀) ကျော်၊ နိုင်ငံအဆင့်တွင် (၁၅၉၇) ခုနှင့် ကမ္ဘာ့အဆင့်မီ ခရီးသွားရွာ (၄) ခု ရှိသည်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Wu Kefeng မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနသည် မြို့နယ်များ၏ ခရီးသွားထုတ်ကုန်များ တိုးတက်လာစေရန်၊ ဆန်းသစ်သော စီးပွားရေးပုံစံများကို ရှာဖွေရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် လမ်းညွှန်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိသကဲ့သို့ ပြည်တွင်းကူးသန်းရောင်းဝယ်မှုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တွန်းအားဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးထွက်ကုန်များ၏ ပြည်တွင်းကူးသန်းရောင်းဝယ်မှုကို အားပေးမြှင့်တင်နိုင်ရေးနှင့် ကျေးလက်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်လာစေရုံသာမက ပြည်တွင်းစီးပွားရေး တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: www.chinadaily.com.cn/a/202308/16/WS64dc2899a31035260b81c6e6.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News