Local News

ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိလာပြီး ကွမ်းသီးအဝယ်လိုက်နေကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းသီး‌ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ‌ဒေါ်အိအိစံက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ ထိသာ ဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၁၇)ရက်နေ့ထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း အဆိုပါ ကွမ်းသီးခြောက်များကို ရန်ကုန်မြို့မှ အဝယ်လိုက်လာသဖြင့် ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

    “အခု ကွမ်းသီးစိုက်တဲ့သူတွေနဲ့ သိုလှောင်တဲ့သူတွေပါ အဆင်ပြေတဲ့အခြေအနေပါ။ လက်ရှိဒေသမှာ ကွမ်းသီးအစိမ်း ပေါနေတယ်။ ကွမ်းသီးခြောက်က ရှားလာတယ်။ ဒါကြောင့် ကွမ်းသီးအခြောက် ဈေးကောင်းနေတာ။ အဝယ်လိုက်နေတဲ့အချက်ကတော့ ပုံမှန်တင်ပို့နေကျ ရန်ကုန်ဘက်က အဝယ်လိုက်လာလို့ပါ။ အခုနှစ်ကွမ်းသီးခြောက်က ပြည်တွင်းမှာ လိုအပ်ချက်များနေတယ်။ ရန်ကုန်ဘက်ကလည်း နေ့စဉ်အမှာ ကုန်တွေရှိနေတယ်။ ဒါကြောင့်လည်း အခုလိုအဝယ်လည်းလိုက်ပြီး ဈေးကလည်းတက်လာတာပါ” ဟု ကျိုက်လတ်မြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်အိအိစံက ပြောပြသည်။

   ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဒေသထွက်ကွမ်းသီးများကို လိုက်လံဝယ်ယူပြီး ကွမ်းသီးအလုံးအတိုင်းနှင့် ခွဲစိတ်ပြီး နှစ်မျိုးပြုလုပ်၍ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကွမ်းသီးအခြောက် ဈေးကောင်းလာသည့်အတွက် ကွမ်းသီးခြောက်သိုလှောင်ထားသူများ၊ ကွမ်းသီးစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကွမ်းသီးညှပ်လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News