International News

တရုတ်-လာအိုရထားလမ်းဖြင့် ကုန်သွယ်မှုအားကောင်းလာခြင်းကြောင့် ထိုင်းဒူးရင်းသီးများ တရုတ်သို့ တင်ပို့မှု မြင့်တက်လာ

Last Updated:

ယခုနှစ်ပထမ (၅) လတွင် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုသည် (၃၆၅) ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ထိုသို့တင်ပို့နိုင်ခြင်းမှာ သယ်ယူပို့ဆောင်ချိန် တိုတောင်းသွားခြင်းနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ၏ အားသာချက်များကြောင့်ဖြစ်သည်ဟု ထိုင်းမီဒီယာများက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရထားလမ်းသည် ထိုင်းကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်းများ ယူဆောင်ပေးသဖြင့် ကုန်းလမ်းဖြင့် အချိန် (၂) ရက်ကြာမြင့်ရာမှ (၁၅) နာရီအောက်သာကြာမြင့်ကြောင်း ထိုင်းနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးဌာန (Department of Trade Negotiations) မှ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum ၏ ပြောကြားချက်ကို ကိုးကား၍ Thairath Online မှ ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်-လာအိုရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်ပို့မှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်ဟု Auramon မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ လာအိုနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ရှိ ကုန်းတွင်းဆိပ်ကမ်းဖြစ်သည့် Nong Khai မှတစ်ဆင့် တင်ပို့မှုမှာ ထိုင်းဘတ်ငွေ (၁.၉၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅ သန်း)ရှိကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းဘတ် (၉၀.၄၁)သန်း (အမေရိကန်ဒေါ်လာ ၂.၅၅ သန်း)ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းသစ်သီးဝလံများနှင့် အခြားတင်ပို့ရောင်းချမှုများသည် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ အထူးအခွင့်အရေးများကို ရရှိခံစားနိုင်ကြောင်း သူမက  ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသို့ တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ ဇန်နဝါရီလမှ မေလအတွင်း ဘတ် (၂.၈၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀.၂၂ သန်း) ဖြစ်ပြီး ယင်းတို့အနက် (၇၂) ရာခိုင်နှုန်းမှာ လတ်လတ်ဆတ်ဆတ် ဒူးရင်းသီးများ တင်ပို့မှုဖြစ်ကြောင်း DTN မှ သိရှိရပါသည်။

 

 

Source: www.english.news.cn/20230816/f02a7679d5aa4a56979b720370ac9d25/ c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News