Local News

တရုတ်ဝယ်လိုအားများခြင်းကြောင့် တစ်လအတွင်း နှမ်း တစ်တင်းဈေး လေးသောင်းတက်

Last Updated:

     ပြည်တွင်းနှမ်းဈေးကွက်တွင် ယခုလအတွင်း တရုတ်ဝယ်လိုအား များနေခြင်းကြောင့် နှမ်းမျိုးစုံ တက်ဈေးဘက်တွင်ရှိနေပြီး ဈေးကောင်းရနေကြောင်း နှမ်းကုန်သည်များထံမှ သတင်းရရှိသည်။ တရုတ်ဝယ်လိုအား ဆက်တိုက်ရှိနေသည့် မန္တလေး နှမ်းမျိုးစုံ ဈေးကွက်တွင် နှမ်းဖြူ ထိပ်စသုံးတင်းဝင်တစ် အိတ်လျှင် ၃၉၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ်၊ ဂျပန် နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ၄၂၀၀၀၀  ကျပ်မှ ၄၃၀၀၀၀ ကျပ်အကြား ရှိနေခြင်းဖြစ်သည်။ 

     ထို့အပြင် နှမ်းနီ နှင့် နှမ်းညိုဈေးမှာ သုံးတင်းဝင် တစ်အိတ်လျှင် ၃၃၀၀၀၀ကျပ် ရှိပြီး ယခုလအတွင်း တစ်အိတ်လျှင် ငွေကျပ် လေးသောင်းခန့် ဈေးတက်လာခြင်းဖြစ်ကြောင်း မန္တလေး ကုန်စည်ဒိုင်မှ သတင်းရရှိသည်။ “တစ်အိတ်ကို ၃၄၊ ၃၅ လောက်ကတည်းက တက်လာတာ ကျလာတာကို မရှိသေးဘူး။ အခု တရုတ်ဝယ်လက်များနေလို့ ကျဖို့အလားလာ မရှိဘူး။ ထပ်တက်ဖို့ အလားလာပဲရှိတယ်။ တရုတ်နိုင်ငံက ထွက်သမျှ ဆွဲနေတာ တစ်ခါတစ်လေ ဝယ်လိုအား၊ ရောင်းလိုအားတောင် မမျှဘူး။ ပစ္စည်းဝယ်ချင်တဲ့သူများပြီး ပစ္စည်းကမရှိ ဖြစ်နေတာ” ဟု မန္တလေးမြို့ ဝင်းပွဲရုံမှ တာဝန်ခံ ကိုရဲမိုးကပြောသည်။ 

    ယခုလ အစတွင် နှစ်သောင်းတန်ထွက်ရှိမည် သတင်းကြောင့် နှမ်းဈေးများ တစ်ဖြည်းဖြည်း မြင့်တက်လာပြီး တရုတ်နိုင်ငံဝယ်လိုအားကြောင့်လည်း တစ်တင်းလျှင် လေးသောင်းခန့်မြင့်တက်လာခြင်းဖြစ်ကြောင်း ကိုရဲမိုးက ပြောသည်။ မန္တလေး နှမ်းမျိုးစုံ ဈေးကွက်တွင် နှမ်းနီ၊ နှမ်းညို ထွက်ရှိသည့် အညာဘက်တွင် စိုက်ပျိုးမူနည်းခြင်းကြောင့် နှမ်းနက်၊ နှမ်းညို အဝင်နည်းကြောင်း၊ နှမ်းနက်မှာလည်း ပစ္စည်းရှားပါးမူကြောင့် အရောင်းအဝယ်အေးနေပြီး နှမ်းအဖြူတစ်ခုတည်းသာ အရောင်းဝယ်သွက်ခြင်းဖြစ်သည်။ 

     နှမ်းဖြူမှာ မကွေးတိုင်းဒေသကြီး၊ ရွှေဘို၊ ဝက်လက်မြို့နယ်တို့မှ ထွက်ရှိနေပြီး မန္တလေး နှမ်းမျိုးစုံဈေးကွက်တွင် ဝင်ရောက်နေကြောင်း သိရှိရသည်။ မကွေးမြို့ နှမ်းဈေးကွက်တွင် နှမ်းစပေါ်ကတည်းက ဈေးတက်လာပြီး နှမ်း ၁၅ ပိဿာ တစ်တင်းလျှင် တစ်ပတ်အတွင်း ၁၃၅၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ် သို့ တက်လာခြင်းဖြစ်သည်။ “စပေါ်ကတည်းက တက်လာတာ။ အခုတော့ နှစ်ထောင်ကျသွားတယ်။ ပစ္စည်းပေါ်ချိန်ဆိုတော့ မကွေးဘက်မှာ အလုပ်ရှုပ်ကြတယ်” ဟု မြင့်မြတ်တော်ဝင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

     မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် နှမ်းစိုက်ခင်းများရေမြှုပ်ခဲ့သည့်သတင်းဖြင့် တရုတ်ကုန်သည်များ ဆက်တိုက်ဝယ်ယူရာကနေ အက်စစ်လွတ် နှမ်းနက် ၄၅ ပိဿာ တစ်အိတ် လျှင် ၂၅၀၀၀၀ နှင့် ၂၆၀၀၀၀ ကျပ်ရှိရာမှ  သုံးသိန်းကျော်သို့ ဈေးတက်လာခြင်းဖြစ်ပြီး ယခုလေးသိန်းကျော်သို့ တက်လာခြင်းဖြစ်သည်။ နှမ်းစိုက်ပျိုးသီးနှံကို အပူပိုင်းဒေသများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက ၅၁ ဒသမ ၃ သန်းအနက် နှမ်းစိုက်ဧက စုစုပေါင်း ဆီထွက်သီးနှံ၏ ၅၀ရာခိုင်နှုန်းခန့်ရှိပြီး စိုက်ဧက အများဆုံးဖြစ်သည်။ 

Source: Awba

Category: Local News