International News

အိန္ဒိယ MSME များအနေဖြင့် အပေါင်ပစ္စည်းတစ်စုံတစ်ရာမပါပဲ ငွေချေးငှားနိုင်တော့မည်

Last Updated:

အိန္ဒိယ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အနေဖြင့် မကြာမီ အပေါင်ပစ္စည်းတစ်စုံတစ်ရာမပါပဲ ငွေချေးငှားနိုင်တော့မည်ကြောင်း အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးနှင့် သမဝါယမရေးရာ ဝန်ကြီးဌာနဝန်ကြီး Nirmala Sitharaman က မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အစိုးရပိုင်ဘဏ်များမှပြုလုပ်သော ငွေချေးငှားမှုဆိုင်ရာ အကဲဖြတ်ဆောင်ရွက်ချက်အသစ်မှ တစ်ဆင့် ရူပီး ၁၀၀ ကာရိုး (ကန်ဒေါ်လာ ၁၁ ဒသမ ၈၃ သန်းခန့်) အထိအပေါင်ပစ္စည်းတစ်စုံတစ်ရာ တင်ပြရန်မလိုပဲ မကြာမီချေးငှားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စတင်လိုက်သောချေးငွေအမျိုးအစားသည် ချေးငွေအာမခံအစီအစဉ်သစ်၏ တစ်စိတ် တစ်ပိုင်းဖြစ်ကာ ကာလရှည်ချေးငွေများ၊ စက်ရုံနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင်လိုအပ်သော ချေးငွေများရရှိရန် အခက်အခဲဖြစ်နေသော MSME များကူညီရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က Bengaluru တွင်ပြုလုပ်ခဲ့သော အမျိုးသား MSME အစုအဖွဲ့ဆိုင်ရာ အဝေးရောက် အစီ အစဉ် (National MSME Cluster Outreach Programme) အစီအစဉ်တွင် ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်သစ်အရ MSME များအနေဖြင့် အပေါင်ပစ္စည်း သို့မဟုတ် တတိယအုပ်စု (third-party) မှ တာဝန်ခံမှု မပါဝင်ပဲ ပထမဦးဆုံးအကြိမ် ရူပီး ၁၀၀ ကာရိုးအထိ ချေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့အောင် အစိုးရမှ ကျောထောက်နောက်ခံပြုပေးမည်ဖြစ်ကာ ဘဏ္ဍာငွေကြေးလိုအပ်နေသော MSME များ၏ အခက်အခဲကိုသိသိသာသာ လျှော့ပါးသက်သာစေရန် ကမ်းလှမ်းထားပါကြောင်း ၎င်းမှအလေးပေးပြောကြားခဲ့သည်။ အကဲဖြတ်မှုစနစ်သစ်မှ ရရှိနိုင်သော အကျိုးကျေးဇူးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကျွန်မတို့အနေဖြင့် ယခုဘက်ဂျက်ကာလမှာပဲ ဒီအကြောင်းကို ထုတ်ပြန်ကြေညာအပ်ပါတယ်။ ဘဏ်များက ချေးငွေအကဲဖြတ်မှုကိစ္စကို ၎င်းတို့ဘာသာ ဆောင်ရွက်မည်ဖြစ်ပြီး၊ ဘဏ်တစ်ခုချင်းစီတိုင်းမှာ သူတို့ပုံစံနဲ့သူတို့ ချေးငွေအကဲဖြတ်မှုပုံစံတွေရှိနေမှာဖြစ်ပါတယ်။”ဟု  ဝန်ကြီးမှ ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍနှင့်လက်တွဲပြီး အီလက်ထရောနစ်ကုန်သွယ်မှု အချက်အခြာနေရာများ (e-commerce trade hubs) ကိုထူထောင်သွားမည့်အကြောင်း၊ အဆိုပါ ပလက်ဖေါင်းများမှ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ပို့ကုန်ဆိုင်ရာဝန်ဆောင်မှုတွေကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြပြောကြားခဲ့သည်။  အဆိုပါ အချက်အခြာနေရာများက စက်မှုလက်မှုအစုအဖွဲ့ပေါင်း ၂၀ ကို အကျိုးပြု သွားမည်ဖြစ်ကြောင်း၊ ကာနတာကာပြည်နယ်ရှိ အငယ်စားစက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် (Small Industries Development Bank of India -SIDBI) မှ အဆိုပါ ပြည်နယ်ရှိ MSME များကို ကူညီအားဖြည့်ပေးရန် ဘဏ်ခွဲ (၆) ခုကိုလည်း တည်ထောင်ဖွင့်လှစ်သွားမည်ဟု ပြောကြားခဲ့သည်။ SIDBI ဘဏ်ခွဲများအနေဖြင့် လတ်တလောတွင် ရူပီး ၁၁၆၉ ကာရိုး (၁၃၈ ဒသမ ၃၄ သန်း) ခန့်ကို ထုတ်ချေးထားပြီးဖြစ်ကာ လုပ်ဆောင်ချက် ရပ်တန့်နေသော ရပိုင်ခွင့်များ (non-performing assets -NPAs) မရှိသလောက်နည်းပါးကြောင်းသိရသည်။

MSME များကို တိုက်ရိုက်ဘဏ္ဍာငွေထောက်ပံ့ပေးမည့် ယခုခြေလှမ်းသစ်ကြောင့် ကာနာတကာ ပြည်နယ်မှ စက်မှုလက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေယုံသာမက နိုင်ငံတစ်ဝှမ်းရှိလုပ်ငန်းများလည်း အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

သို့ပါ၍ မြန်မာ MSME များအနေဖြင့်လည်း အလားတူအတိုးနှုန်းသက်သာပြီး၊ အပေါင်ပစ္စည်း တင်ပြရန် မလိုအပ်သော ချေးငွေများရရှိပါက စက်မှုလက်မှုလုပ်ငန်းများထူထောင်နိုင်ပြီး၊ စွမ်းဆောင်ရည်နှင့် ကုန်ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

The Trade Promotion Council of India, MSMEs to have access to collateral-free loans, Nov 11, 2024

စီးပွားရေးသံမှူး၊ကော်လ်ကတ္တား

Category: International News