International News

အိန္ဒိယနိုင်ငံ၏ အောက်တိုဘာလ လက်လီ ငွေကြေးဖောင်းပွမှုနှုန်းသည် ဗဟိုဘဏ်၏ သည်းခံနိုင်မှု ကန့်သတ်ချက် (Tolerance limit) ကို ကျော်လွန်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် စားသောက်ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်မှုနှင့်အတူ ယမန်နှစ်ကရှိခဲ့ သော အခြေခံဈေးနှုန်းများမြင့်တက်မှုအရှိန်ကြောင့် ယခုနှစ် အောက်တိုဘာလ၏ လက်လီ ငွေကြေး ဖောင်းပွမှုသည် ၆ ဒသမ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယဗဟိုဘဏ် ၏ သည်းခံနိုင်မှုကန့်သတ်ချက် (Tolerance limit) ၅ ရာခိုင်နှုန်းကို ကျော်လွန်သွားဖွယ်ရှိကြောင်းသိရသည်။ အိန္ဒိယပြည်ထောင်စုဘဏ် (Union Bank of India) မှ ယခုလ ၁၁ ရက်နေ့ (တနင်္လာနေ့) တွင် ထုတ်ပြန်ရန် စီစဉ်ထားသော ငွေကြေးဖောင်းပွမှု အချက်အလက်များပါဝင်သော အစီရင်ခံစာတွင် အဆိုပါ ငွေကြေးဖေါင်းပွမှုနှုန်းအား မှတ်သားထားကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် ငွေဖေါင်းပွမှု ၃ ဒသမ ၆၅ ရာခိုင်နှုန်းအထိ အနိမ့်ဆုံးကျဆင်းခဲ့ပြီးနောက်၊ အဓိကအားဖြင့် စားသောက်ကုန်စရိတ်များ မြင့်မားခြင်းကြောင့် စက်တင်ဘာလတွင် ၅ ဒသမ ၄၉ ရာခိုင်နှုန်းသို့ မြင့်တက်ကာ အောက်တိုဘာလတွင် ငွေဖေါင်းပွမှု ဆက်လက်မြင့်တက်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ ပြည်ထောင်စုဘဏ်၏ အစီရင်ခံစာတွင် အိန္ဒိယဗဟိုဘဏ်၏ မကြာသေးမီက ဘဏ်တိုး နှုန်းပြောင်းလဲရန် မူဝါဒသည် ငွေကြေးဖေါင်းပွမှုနှုန်းကို ထိန်းမထားနိုင်ကြောင်း မီးမောင်းထိုးပြထား သည်။ နိုဝင်ဘာလ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် အတက်ဖက်သို့ ပြသနေသည့်အတွက် ဖိအားများ ဆက်တိုက်ဆိုသလို ရှိနေသည်ကို ညွှန်ပြလျက်ရှိသည်။ ထို့ကြောင့် လာမည့်ဒီဇင်ဘာလတွင် ဘဏ်တိုးနှုန်းလျှော့ချ ဖြတ်တောက်ဖွယ်မရှိပဲ လက်ရှိ ၆ ဒသမ ၅ ရာခိုင်နှုန်း အတိုင်းသာ ဆက်လက် ထားရှိကာ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အခြေခံ ၅၀ မှတ် (၀ ဒသမ ၅ ရာခိုင်နှုန်း) သို့ လျှော့ချဖွယ်ရှိကြောင်း အစီရင်ခံစာမှ ခန့်မှန်းဖော်ပြထားသည်။

မကြာသေးမီလများအတွင်း အထူးသဖြင့် ဟင်းသီးဟင်းရွက်နှင့် စားသုံးဆီကဲ့သို့ စားသောက်ကုန် စျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ လာမည့် ခါရစ် (မိုး) ရိတ်သိမ်းရာသီ သီးနှံထွက်ရှိမှုနှင့် ရာဘီ (ဆောင်း)ရာသီ သီးနှံစိုက်ပျိုးမှု တိုးတက်မှု အခြေအနေက စားသောက်ကုန် စျေးနှုန်းပြောင်းလဲမှု အလားအလာကို ဆုံးဖြတ်ရာတွင် အရေးကြီးကြောင်းသိရသည်။ ဆောင်းရာသီ၌ ပုံမှန်အားဖြင့် စျေးနှုန်းများကျဆင်းလာတတ်ပြီး ဆောင်းသီးနှံအလားအလာများ တိုးတက်ကောင်းမွန်ဖွယ်ရှိသောကြောင့် ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ကာလတွင် စားနပ်ရိက္ခာဖောင်းပွမှု သက်သာလာပြီး၊ ငွေဖေါင်းပွမှုကို ပိုမိုတည်ငြိမ်မှုရှိစေမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။

သို့သော် စားနပ်ရိက္ခာရောင်းလိုအား ကျဆင်းမှု၊ ပြည်ပမှတင်သွင်းလာသော စားသုံးဆီများ ဈေးနှုန်းကြီးမြင့်မှုတို့အပါအဝင် သွင်းကုန်ခွန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ ကျယ်ပြန့်သော အကျိုးသက်ရောက်မှုများကြောင့် ငွေဖေါင်းပွမှု ဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေ အနေများရှိနေကြောင်း သိရသည်။ မူဝါဒရေးဆွဲသူများအနေဖြင့် အဆိုပါ ထိခိုက်နိုင်ခြေများကို ဆက်လက်၍ အနီးကပ်စောင့်ကြည့်ထိန်းချုပ်ရန်လိုအပ်ပြီး၊ ဗဟိုဘဏ်မှရည်မှန်းထားသည့် ငွေကြေး ဖေါင်းပွမှု ၄ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရန်မှာမူ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟုသိရသည်။ ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ဖိအားများရှိနေသော်လည်း ဈေးနှုန်းများ တည်ငြိမ်ရန် တာဝန်ယူဆောင်ရွက်ရသည့်အတိုင်း ငွေဖေါင်းပွမှုဒဏ်ကိုကျားကန်ရန် ဘဏ်တိုးနှုန်းကို ဆက်လက်ထိန်းသိမ်းသွားရန် ရှိနေကြောင်းသိရသည်။

The Trade Promotion Council of India, October retail inflation expected to breach RBI’s tolerance, Nov 11, 2024

စီးပွားရေးသံမှူး၊ကော်လ်ကတ္တား

Category: International News