International News

တရုတ်အစိုးရ အချက်အလက်များအရ တရုတ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) လက်မှတ်ရေးထိုးထားသည့် မိတ်ဖက်နိုင်ငံ ၂၉ နိုင်ငံအထိ ရှိလာ

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံနှင့် ဒေသတွင်း နိုင်ငံပေါင်း ၂၉ ခုနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) များကို  လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ အစိုးရအချက်အလက်များအရ တရုတ်နိုင်ငံနှင့် FTA မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်းဖိုး၏ သုံးပုံတစ်ပုံခန့်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် FTA ညှိနှိုင်းမှုနှင့် လက်မှတ်ရေးထိုးမှုတို့တွင် အောင်မြင်မှုအသစ်များရရှိအောင် တရုတ်နိုင်ငံအနေဖြင့် စွမ်းဆောင်နိုင်ခဲ့ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း အိကွေဒေါ (Ecuador)၊ နီကာရာဂွာ (Nicaragua) နှင့် ဆားဘီးယား (Serbia) နိုင်ငံတို့နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် များ (FTAs) လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တရုတ်-စင်္ကာပူ လွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက် (FTA) ကို ထပ်မံအဆင့်မြှင့်တင် ချုပ်ဆိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၎င်းအပြင် ယွန်ဒူးရစ်နိုင်ငံ (Honduras) နှင့် အစောပိုင်း FTA ညှိနှိုင်းဆွေးနွေးမှုများ၌လည်း သိသိသာသာ တိုးတက်မှုများ ရရှိခဲ့သည်။

တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်-နီကာရာဂွာ FTA သဘောတူညီမှု သည် တရုတ်နိုင်ငံ၏ ပထမဆုံး နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုတို့ကို Negative List စာရင်းဖြင့် ခွင့်ပြုပေးခဲ့သည် FTA သဘောတူညီမှုဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်-စင်္ကာပူ FTA သဘောတူညီမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် နှစ်နိုင်ငံလုံးမှ Negative List ပုံစံဖြင့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးရန်အတွက် ကတိကဝတ်များထားရှိခဲ့သည်။ ဒစ်ဂျစ်တယ် စီးပွားရေးကဲ့သို့သော လတ်တလောပေါ်ပေါက်လာသည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံသူများနှင့် ဝန်ဆောင်မှု ပေးသူများတွက် ပို၍ကြီးမားသော ဈေးကွက်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံ၏ အဆင့်အတန်းမြင့်သော လွတ်လပ်သော ကုန်သွယ်မှု ကွန်ရက်များကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယခုနှစ်အတွင်း ကုန်စည်များဖလှယ်ခြင်းအတွက် အကောက်ခွန်မဲ့ မူဝါဒ လွှမ်းခြုံမှုကို တိုးချဲ့သွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Negative List Model ကို အသုံးပြု၍ ဝန်ဆောင်မှုကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွင့်လှစ်ခြင်းကို မြှင့်တင်ရန်နှင့် ဆက်သွယ်ရေး (Telecommunications)၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု (Medical care) ကဲ့သို့သော ကဏ္ဍများကို တိုးချဲ့ဖွင့်လှစ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)၊ အစိမ်းရောင်စီးပွားရေး (Green Economy)၊ စံချိန်စံညွှန်းများ (Standards)၊ အသိအမှတ်ပြုခြင်း (Certification) စသည်တို့အပြင် အစိုးရဝယ်ယူရေး (Government procurement) တို့တွင် FTA စေ့စပ်ညှိနှိုင်းမှု အသစ်များအဖြစ် စံနှုန်းမြှင့် စီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202402/13/WS65 cb10baa3104efcbdaeabfc.ht ml

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News