Local News

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးခူပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးခူပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဝါးခယ်မမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ငါးခူပိဿာချိန် ၄၃၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ ငါးခူပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ဇန်နဝါရီလအတွင်း ငါးခူပိဿာချိန် တော်တော်များများတင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဘက်ကဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ ငါးခူက ပြည်တွင်းစားသုံးမှုများတဲ့ ငါးအမျိုးအစားထဲမှာ ပါပါတယ်။ လက်ရှိလဲဝယ်ယူမှုအားကောင်းနေပါတယ်။ တစ်ပိဿာချင်းဈေးအနေနဲ့ ငွေကျပ် ၁၁၀၀၀ ကနေ ၁၃၅၀၀ ထိ ဈေးပေါက်နေပါတယ်။ ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အခြားရေးထွက်ကုန်တွေလဲ တင်ပို့ရောင်းချနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြသည်။

ဝါးခယ်မမြို့နယ်တွင် ဒေသထွက် ငါးခူးများကို ဒေသအပြင်ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးခူများဝယ်ယူမှု အားကောင်းလာသည့်အတွက် ငါးခူမွေးမြူသူများ၊ ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများကောင်းနေကြောင်း ‌ဒေါ်အိအိဌေးက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News