International News

ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက လွတ်လပ်သောကုန်သွယ်ရေး ညှိနှိုင်းမှုများကို တွန်းအား ပေးရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mrs. Auramon Supthaweethum က ပို့ကုန်ယှဉ်ပြိုင်မှုများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် နိုင်ငံအများစုနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement-FTA) အသစ်များ ရေးထိုးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံသော FTA များကို နိုင်ငံ ၅၀ ကျော်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဦးစီးဌာနအနေဖြင့် အစ္စရေး၊ ဘူတန်၊ တောင်ကိုရီးယား၊ ပစိဖိတ်မဟာမိတ်ဒေသ (ချီလီ၊ ပီရူး၊ မက္ကဆီကိုနှင့် ကိုလံဘီယံ)နှင့် တောင်အာဖရိက အကောက်ခွန်ယူနီယံ (ဘော့စ်ဝါနာ၊ အက်စ်ဝါတီနီ၊ လဲဆိုသို၊ နမ်မီဘီးယား နှင့် တောင်အာဖရိက) တို့နှင့် ကုန်သွယ်မှု ညှိနှိုင်းရေးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်နေကြောင်း ပြောကြားပါသည်။

၎င်းအပြင် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ (ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု)နှင့်လည်းကောင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍက စိတ်ဝင်စားလျက်ရှိသော တောင်အမေရိကရှိ မာကိုဆာကုန်သွယ်မှုအဖွဲ့ (အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ အုရုဂွေး နှင့် ဗီနီဇွဲလားနိုင်ငံ)တို့နှင့်လည်းကောင်း FTA ဆောင်ရွက်နိုင်ရေး လေ့လာသုံးသပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနှင့် ပီရူးနိုင်ငံတို့သည် FTA ရှိပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု၏ ၆၀.၉ ရာခိုင်နှုန်းသည် နိုင်ငံ ၁၈ နိုင်ငံနှင့် လက်မှတ်‌ရေးထိုးထားသော FTA ၁၄ ခုမှ ကိန်းဂဏန်းများဖြစ်ကြောင်း၊ ထိုင်း-UAE FTA ကို ယခုနှစ်တွင်လည်းကောင်း၊ သီရိလင်္ကာ၊ ဥရောပသမဂ္ဂ လွတ်လပ်သောကုန်သွယ်မှုအဖွဲ့နှင့် တူရကီတို့နှင့် ညှိနှိုင်းလျက်ရှိသော FTA များကို လာမည့်နှစ်တွင်လည်းကောင်း၊ EU နှင့် FTA ကို ၂၀၂၅ ခုနှစ်တွင်လည်းကောင်း အပြီးသတ်ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း ၎င်းကရှင်းလင်းပါသည်။

အချို့နိုင်ငံများသည် FTA ညှိနှိုင်းမှုစတင်သည်နှင့်တစ်ပြိုင်နက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများအတွက် မဟာဗျူဟာကျပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များချုပ်ဆိုလိုပါကြောင်း၊ ဩစတြေးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား FTA ရှိပြီးဖြစ်သည့်အပြင် လယ်ယာ၊ ခရီးသွား၊ ဝန် ဆောင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်နှင့် ဒီဂျစ်တယ်ကဏ္ဍတို့အတွက် သဘောတူစာချုပ်ကို ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ထိုင်း-UK FTA အတွက် အစည်းအဝေး ကျင်းပသွားမည်ဖြစ်ပြီး လယ်ယာ၊ အစားအစာ၊ အဖျော်ယမကာ၊ နည်းပညာနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးအတွက် သဘောတူစာချုပ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစီးဌာန၏ ဆောင်ရွက်နေမှု အစီအစဉ်များကို Mrs. Auramon က ပြောကြားခဲ့ပါသည်။

 

 

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkokpost.com

Category: International News