International News

တောင်ကိုရီးယားနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီကြီးများ ဖြစ်ကြသည့် KT နှင့် Samsung တို့လက်တွဲ၍ ဆေးဘက်ဆိုင်ရာနည်းပညာများ တင်ပို့ရန် ဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်ကြသည့် KT နှင့် Samsung တို့သည် ဆေးဝါးကုသမှုဆိုင်ရာ ဝန်ဆောင်မှုနှင့် ဆေးရုံများအတွက် ဒစ်ဂျစ်တယ်လ်နည်းပညာများ တင်ပို့သွားမည်ဟု KT က ၂၀၂၃ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၆-၆-၂၀၂၃ ရက်နေ့က KT နှင့် Samsung Seoul Medical Center တို့သည် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ သဘောတူညီချက်အရ လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System) တစ်ခုကို ထူထောင်သွားမည် ဖြစ်ပါသည်။ အဆိုပါ စနစ်သည် ဒစ်ဂျစ်တယ်လ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းကိရိယာများ အသုံးပြု၍ လူနာများကို စစ်ဆေးသွားမည့်စနစ်ဖြစ်ပါသည်။ ဆက်လက်၍လည်း Big Data (Data Sets) များအသုံးပြု၍ မှတ်ဉာဏ်တု (Artificial Intelligence- AI) ကို ဆေးရုံများတွင် အသုံးချနိုင်ရေး အတွက်  KT နှင့် Samsung Seoul Medical Center တို့က ပူးတွဲသုတေသန ပြုလုပ်သွားမည်ဖြစ်ပါသည်။

လက်ရှိတွင်လည်း KT သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျန်းမာရေးစစ်ဆေးသည့် စင်တာတစ်ခုကို ဖွင့်လှစ်ရန်ပြင်ဆင်နေပြီး Samsung Seoul Medical Center သည်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများ တပ်ဆင်ခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းအပိုင်းများ စသည်တို့တွင် အကြံဉာဏ်များပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Samsung Seoul Medical Center က ဒေသခံကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပို့ချပေးမည့်အပြင် ဆေးကုသမှုခံယူထားသည့် လူနာများက ပြန်လည်စစ်ဆေးရန် လာရောက်ထပ်မံပြသချိန်၌ နောက်ဆက်တွဲကုသမှုများ  ပေးရာတွင်လည်း ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

KT နှင့် Samsung Seoul Medical Center တို့သည် AI ကိုအသုံးပြု၍ အဝေးရောက်ကုသ မှုပေးသည့်ဝန်ဆောင်မှု (Telemedicine Services) ပေးခြင်းဆိုင်ရာ ပူးတွဲသုတေသနတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ Telemedicine Services သည် ရောဂါကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဆရာဝန်များကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားကြပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဆေးဘက်ဆိုင်ရာနှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍသည် ကမ္ဘာ့အ လယ်တွင် ထိပ်တန်းနေရာတွင် ရောက်ရှိနေသည့်အတွက် အဆိုပါကဏ္ဍနှစ်ခုကို ပေါင်းစပ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အနာဂတ်တွင် ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်အတွက် တောင်ကိုရီးယားက စံချိန်စံညွှန်းတစ်ခုကို သတ်မှတ်သွားနိုင်ရန် အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ပါကြောင်း Samsung Seoul Medical Center ၏ စီမံကိန်းဌာနအကြီးအကဲဖြစ်သည့် ပါမောက္ခ Kim Hee-chul က ပြောကြားပါသည်။

 

Source: https://www.koreaherald.com/view.php?ud=20230618000138&np=1&mp=1

(စီးပွားရေးသံမှူး၊ ကိုရီးယား)

Category: International News