International News

ထိုင်းနိုင်ငံအတွင်းသို့ ဝက်သားမှောင်ခိုတင်သွင်းသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်

Last Updated:

၃ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံ၌ ဝက်သားမှောင်ခိုတင်သွင်းသူများအား ဖမ်းဆီးအရေးယူမှုသည် အဆ ၂၀ ခန့်တိုးလာခဲ့ကြောင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်တွင် တရားမဝင် ဝက်သားနှင့် ဝက်သားထုတ်ကုန်များ ၂၃၆,၁၇၇ ကီလိုဂရမ် တင်သွင်းခဲ့သူ ၁၄ ဦး၊ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဝက်သားထုတ်ကုန် ၄၃၁,၆၆၀ ကီလိုဂရမ် တင်သွင်းခဲ့သူ ၂၅ ဦးနှင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝက်သားထုတ်ကုန် ၄.၇၇ သန်း ကီလိုဂရမ် တင်သွင်းခဲ့သူ ၁၈၁ ဦး တို့အား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခဲ့ကြောင်း ထုတ်ပြန်ထား သည့် ကိန်းဂဏန်းကို မှီငြမ်း၍ အကောက်ခွန်ဦးစီးဌာန၏ အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး အကြံပေး ဖြစ်သူ Mr. Phantong Loykulnanta က ပြောကြားခဲ့ပါသည်။

တရားမဝင် ဝက်သားများသည် အာဂျင်တီးနားနှင့် ဘရာဇီးကဲ့သို့သော တောင်အမေရိကနိုင်ငံများမှ ဖြစ်ကြောင်း၊ ၎င်းနိုင်ငံများတွင် တိရစ္ဆာန်အစားအစာကုန်ကျစရိတ်သည် ထိုင်းနိုင်ငံထက် သက်သာပါကြောင်း၊ ဖြစ်စဉ်များကို တရားရုံးတွင်သာ တရားစွဲဆိုဆောင်ရွက်ပြီး အကောက်ခွန်ဥပဒေအရ အမြင့်ဆုံးဒဏ်ကြေးကို ကုန်ပစ္စည်း၏ ၄ ဆ နှင့် အခွန်အပြင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် သတ်မှတ်ထားပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝန်ကြီးချုပ် Mr. Strettha Thavisin က သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် တွေ့ဆုံ၍ တရားမဝင်အသားများ တင်သွင်းမှုအပေါ် အဖြေရှာရန် ဆွေးနွေးခဲ့ပါကြောင်း၊ လမ်းကြောင်းမျိုးစုံမှ တရားမဝင်တင်သွင်းလာသော ဝက်သား၊ အမဲသားနှင့် Bison အသား များနှင့်စပ်လျဉ်း၍ တင်းကြပ်သော ထိန်းချုပ်မှုတစ်ခုဆောင်ရွက်ရန် အကောက်ခွန်ဦးစီးဌာနကို လမ်းညွှန်ခဲ့ပါကြောင်း၊ ဥပဒေအရ ဆောင်ရွက်ချက်များ၊ မှုခင်းအတွက် အထောက်အပံ့ပေးသူများ၏ ပိုင်ဆိုင်မှုများ သိမ်းယူခြင်းနှင့်စပ်လျဉ်းသည့် ဗဟိုကော်မတီကို ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်လည်း ပါဝင်ဖွဲ့စည်းရန် ဖြည့်စွက်မှာကြားခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှ တရားမဝင်အသားများ တင်သွင်းလာမှုကို ထိန်းချုပ်မည့် အစီအမံများရှိရမည်ဖြစ်ကြောင်း၊ အေးခဲပစ္စည်းများကို တိုးမြှင့်စစ်ဆေးခြင်းရန်နှင့် အချက်အလက်များကို မှားယွင်းဖော်ပြထားခြင်းကိုလည်း ကာကွယ်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအားလုံးကိုကုန်သေတ္တာများ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် သို့မဟုတ် X-ray ဖြတ်သန်းစေခြင်းတို့ ဆောင်ရွက်ရန်ဖြစ်ကြောင်း ထပ်မံဖြည့်စွက်မှာကြားပါသည်။

တရားမဝင် သွင်းကုန်များကို စစ်ဆေးတွေ့ရှိပါက တင်သွင်းသူသည် အကောက်ခွန်အရာရှိများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရမည်ဖြစ်ကြောင်း၊ အကောက်ခွန်ဦးစီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းပိုင်ရှင်ကို တရားစွဲဆိုပါက အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချက်ချင်းဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။  

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News