International News

ထိုင်းနိုင်ငံ၊ အရှေ့ဖက်စီးပွားရေးစင်္ကြန် (Eastern Economic Corridor -EEC) ၌ ၅ နှစ်တာကာလ အတွင်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၀၀ ဘီလီယံ သို့ ရောက်ရှိရန် ထိုင်းအစိုးရ မျှော် မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၊ အစိုးရသစ်သည် ၅ နှစ်တာကာလအတွင်း အရှေ့ဖက်စီးပွားရေးစင်္ကြန် (Eastern Economic Corridor -EEC) ၌ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၀၀ ဘီလီယံ သို့ ရောက် ရှိရန် မျှော်မှန်းထားပါကြောင်း၊ ၉၉ ရက်အတွင်း  EEC ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင် နိုင်ရန်အတွက် ရှည်ကြာနေသော အခက်အခဲများကို အလျင်အမြန် ဖြေရှင်းသွားရန်ဖြစ်ကြောင်း EEC မူဝါဒ ကော်မတီအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ၊ ဒီဂျစ်တယ်၊ လျှပ်စစ်မော်တော်ယာဉ်၊ ဇီဝနည်းပညာ၊ အစိမ်းရောင်စီးပွားရေး နယ်ပယ်များကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ နိုင်ငံတကာယှဉ်ပြိုင်မှုကို မြှင့်တင်ပေးမည့် အစိုးရ၏ အဓိက မူဝါဒများနှင့် ကိုက်ညီပါကြောင်း၊ ကော်မတီအနေဖြင့် ယခင်အစိုးရလက်ထက်တွင် ဖြေရှင်းရန်ကျန်ရှိနေ သေးသော ပြဿနာများကို အရှိန်မြှင့်တင်ဖြေရှင်းဆောင်ရွက်မည့် အစီအစဉ်တစ်ခု ရေးဆွဲရန် EEC ရုံးကို ညွှန်ကြားထားပါကြောင်း၊ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနှင့် U-tapao လေဆိပ် ၃ ခုကို ချိတ်ဆက်ပြေး ဆွဲမည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၂၈၂ ဘီလီယံ ပမာဏရှိသော အမြန်ရထားလမ်းစီမံကိန်းဆိုင်ရာ စာချုပ်လည်း အပါအဝင်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ သက်သေခံလက်မှတ်များရရှိပြီးသော အဖွဲ့အစည်းများကို အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုများ အမြန်ဝင်ရောက်နိုင်ရေး ညှိနှိုင်းသွားရန် တိုက်တွန်းထားပါကြောင်း၊ အမြန်ရထားလမ်းစီမံကိန်းဆိုင်ရာ စာချုပ်၏ ပြန်လည်ညှိနှိုင်းမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် အပြီးသတ်လိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

လာမည့်လအတွင်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးမည့် Roadshow တစ်ခုကို အမေရိကန်၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၀၀ ဘီလီယံ နှင့် ၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၀၀ ဘီလီယံ အမှန်တကယ် ဝင် ရောက်လာစေရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်နှင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမော်တော်ယာဉ်၊ လျှပ်စစ်ပစ္စည်းများ၊  Chip ပြားများနှင့် လျှပ်စစ် ဟယ်လီကော်ပတာများ စသည့်နယ်ပယ်များတွင် အများဆုံးဖြစ်ကြောင်း၊ အစိမ်းရောင်စက်မှု၊ စွမ်းအင်နှင့် ပြန်လည်အသုံးပြုနိုင်သော ဘတ္တရီကဏ္ဍတွင် ဂျပန်က စိတ်ဝင်စားလျက်ရှိကြောင်း၊ အီးယူက ဆေးဘက်နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိကြောင်း EEC ၏ အထွေထွေအတွင်းရေး မှူးချုပ်ဖြစ်သူ Mr. Chula Sukmanop က ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန်အတွက် ၁၅ နှစ်အထိ Cooperate ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ ကုန်ကြမ်းများနှင့်စက်ပစ္စည်းများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်၊  နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်အကိုင်ဗီဇာ၊ တစ်ဦးချင်းဝင်ငွေခွန် ၁၇ ရာခိုင်နှုန်း၊ ကွန်ဒိုမီဒီယမ်ဝယ်ယူခွင့်နှင့် စက် မှုဇုန်အတွင်း မြေပိုင်ဆိုင်ခွင့် သို့မဟုတ် နှစ် ၅၀ ငှားရမ်းခွင့်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အတွက် နောက်ထပ် ၄၉ နှစ် စသည့် မက်လုံးများကို EEC က ပေးထားပါကြောင်း Mr. Chula က ဖြည့်စွက် ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov၊

 (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News