International News

အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးသို့ ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Srettha Thavasin ပါဝင်တက်ရောက်

Last Updated:

၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် ကျင်းပမည့် အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးသို့ ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် H.E Mr. Srettha Thavasin ပါဝင် တက်‌ရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် နယ်မြေချိတ်ဆက် မီဂါစီမံကိန်း (Land Bridge Mega Project) တို့အတွက် မြှင့်တင်ရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ၅ ရက်ကြာ ခရီးစဉ်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio နှင့် နှစ်နိုင်ငံ ဆွေးနွေးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေးခိုင်မာအားကောင်းလာစေရေးနှင့် ပဋိပက္ခများလျော့နည်းစေရေးတို့တွင် ဂျပန်နိုင်ငံအား ပါဝင်လာစေရေး ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ နယ်မြေချိတ်ဆက်မီဂါစီမံကိန်း (Land Bridge Mega Project)၊ EV စက်ရုံများ၏ ဂေဟစနစ် ဖွံ့ဖြိုးရန်နှင့် အစိုးရ၏ Soft Power ဖွံ့ဖြိုးရေးတို့အတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Keidanren ကဲ့သို့သော ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ Japan External Trade Organization (JETRO) နှင့် မော်တော်ယာဉ်၊ လျှပ်စစ်၊ လယ်ယာစက်ပစ္စည်းနှင့် စီးပွားရေးကဏ္ဍ အသီးသီးမှ ဂျပန်ထိပ်တန်းကုမ္ပဏီများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဇောင်းပေးပြောကြားသွားမည်ဖြစ်ကြောင်း၊ ထိုင်း-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင်လည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်မတိုင်မီ ထိုင်း၊ ဂျပန်နှင့် အာဆီယံတို့အကြား စီးပွားရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးစသည့် အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲအမြင်နှင့် လုပ်ငန်းအစီအစဉ်မူကြမ်း (၂)ခုအပေါ် ထိုင်းအစိုးရအဖွဲ့က သဘောတူညီခဲ့ပါကြောင်း Mr. Chai က ဆက်လက်ပြောကြားခဲ့သည်။

လုပ်ငန်းအစီအစဉ်မူကြမ်းတွင် အထက်ဖော်ပြပါ နယ်ပယ်များ၌ မည်ကဲ့သို့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်သွားမည့် လမ်းညွှန်ချက်များနှင့် ပူးတွဲကော်မတီနှင့် အာဆီယံ-ဂျပန်ဖိုရမ်တို့၏ ရှိပြီးသောနည်းလမ်းကို အသုံးပြုခြင်းဖြင့် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုများကို အကဲဖြတ်ရန်အတွက် လမ်းညွှန်ချက်များကို ဖော်ပြထားပါကြောင်း၊ မူကြမ်းများသည် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ထောက်ပံ့မှုကွင်းဆက်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် အစားအစာ လုံခြုံစိတ်ချရမှု စသည့်နယ်ပယ်များကို လွှမ်းခြုံစေရန် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သဖြင့် အကျိုးရှိနိုင်ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၄၃,၁၅၄ သန်း ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News