Local News

ကျိုက်လတ်မြို့နယ်မှ မအူပင်မြို့နယ်သို့ တစ်ရက်လျှင် ကွမ်းရွက် ပိဿာချိန် ၂၅၀၀ ထိ တင်ပို့ရောင်းချနေရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ မအူပင်မြို့နယ်သို့ တစ်ရက်လျှင် ကွမ်းရွက် ပိဿာချိန် ၂၅၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းရွက်၊ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ မအူပင်မြို့နယ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တစ်ရက်လျှင် ကွမ်းရွက်ပိဿာချိန်  ၁၅၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး လက်ရှိဒီဇင်ဘာလ ၁ ရက်မှ (ဒီဇင်ဘာလ - ၁၈)ရက်နေ့ထိ တစ်ရက်လျှင် ကွမ်းရွက်အရွယ်စုံ ပိဿာချိန် ၂၅၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ဒီဇင်ဘာလထဲမှာ ဒေသထွက်ကွမ်းရွက်တွေကို အခြားဒေသတွေက ဝယ်ယူမှုကောင်းလာပါတယ်။ ဘာကြောင့် ဝယ်ယူမှုကောင်းလာတာလဲဆို သုံးစွဲအားများလာတာနဲ့ ဝယ်ယူနေတဲ့ ဒေသတွေမှာ စိုက်ပျိုးအား လျော့ကျနေလို့ဖြစ်ပါတယ်။ အခုလို ကွမ်းရွက်တွေဝယ်ယူမှုအားကောင်းလာတဲ့အတွက် ကွမ်းစိုက်တဲ့ လုပ်ငန်းရှင်တွေ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာတယ်။ လက်ရှိ တစ်နေ့ကို ကွမ်းရွက်ပိဿာချိန် ၂၅၀၀ ထိတင်ပို့ရောင်းချနေရတယ်။ တင်ပို့ရောင်းချနေတဲ့ကွမ်းတွေက သန့်ရှင်းတယ် အရည်အသွေးကလဲ မဆိုးပါဘူး။ မအူပင်မြို့နယ်က ဝယ်လက်တွေက အကြိုက်တွေ့နေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကွမ်းရွက်၊ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်ကွမ်းရွက်များကို စနစ်တကျ ရွေးထုတ်သန့်စင်ပြီး ဒေသကျိုက်လတ်ဈေးအပြင် မအူပင်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ တင်ပို့ရောင်းချနေသည့် ကွမ်းရွက်အသန့် ၁၀ ပိဿာလျှင် ငွေကျပ် ၈၅၀၀၀၊ ကွမ်းရွက်ရောရာ ၁၀ ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ ထိဈေးပေါက်နေကြောင်း ဒေါ်ဇာဇာက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News