International News

နိုင်ငံခြားကုန်သွယ်မှုတိုးတက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချမြင့်တက်လာခဲ့

Last Updated:

ပုံမှန်အားဖြင့် ကုန်အပြည့်ပါသည့် ကွန်တိန်နာနှင့် ကွန်တိန်နာအလွတ်များကို တစ်နေ့လျှင် အလုံး (၈၀၀) ခန့်ကို ကုန်တင်ကုန်ချဆောင်ရွက်နိုင်သော်လည်း လက်ရှိတွင် ဆိပ်ကမ်းမှ ဖြတ်သန်းသွားသော ကွန်တိန်နာအများစုသည် ပို့ကုန်များ ပြည့်ကျပ်နေသောကြောင့် ကုန်တင်ကုန်ချချိန် ပိုမိုကြာမြင့်သဖြင့် တစ်ရက်လျှင် ကွန်တိန်နာအလုံး (၅၀၀) ခန့်သာ သယ်ယူပို့ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Beibu Gulf Port ဖြစ်သည့် ချင်းကျိုးဆိပ်ကမ်းမှ ကွန်တိန်နာကရိန်းမောင်းသူ Huang Zhiyi ကပြောကြားခဲ့သည်ဟု ရှင်းဟွာသတင်းဌာန၌ ဖော်ပြထားကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်သည် ၂၀၂၃ ခုနှစ်၊ ပထမငါးလတွင် ယွမ် (၁၆.၇၇) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ်ထက် (၄.၇) ရာခိုင်နှုန်း တိုးလာသဖြင့် ပြင်ပဝယ်လိုအား လျော့နည်းနေချိန်၌ပင် ပို့ကုန်သွင်းကုန် ကျဆင်းခဲ့ခြင်းမရှိကြောင်း၊ အဆိုပါကာလအတွင်း ပို့ကုန်သည် ယခင်နှစ်ထက် (၈.၁)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန်သည် (၀.၅)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေ ထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs-GACC)မှ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံ၏စီးပွားရေး စဉ်ဆက်မပြတ် ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို ကြီးမားစွာ တွန်းအားပေးနေကြောင်း၊ စျေးကွက် အခွင့်အလမ်းများကို ထိထိရောက်ရောက် ဆုပ်ကိုင်ထားနိုင်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဝယ်လိုအား လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် အကူအညီဖြစ်စေရန် အစိုးရအနေဖြင့် မူဝါဒအစီအမံများကိုလည်း ဆက်တိုက်ထုတ် ပြန်ထားကြောင်း GAC မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Lyu Daliang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုသည် အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာခြင်းကြောင့် ပြည်ပသို့ တင်ပို့မည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကွန်တိန်နာ အရေအတွက် သိသိသာသာတိုးလာခဲ့ကြောင်း၊ ချင်းကျိုး (Qinzhou) ဆိပ်ကမ်းတွင် ရှုပ်ယှက်ခတ်နေခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ အဓိကဆိပ်ကမ်းများတွင် စီးပွားရေးတိုးတက်နေမှုကို ထင်ဟပ်စေကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကွမ်ရှီးဒေသ၏ ကမ်းရိုးတန်းမြို့များဖြစ်သည့် Beihai၊ Qinzhou နှင့် Fangchenggang တို့ရှိ ဆိပ်ကမ်းသုံးခုပါဝင်သည့် Beibu Gulf Port မှ ကုန်စည်စီးဆင်းမှုသည် တန်ချိန် (၁၂၁) သန်းရှိပြီး ယခင်နှစ်ထက် (၆) ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း၊ ဆိပ်ကမ်းမှ ပို့ဆောင်သည့် ကွန်တိန်နာအရေ အတွက်သည် ပေ (၂၀) ကွန်တိန်နာ အလုံး (၂.၉၅) သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် (၁၃.၇၄) ရာခိုင် နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများတွင် ကုန်စည်စီးဆင်းမှုသည် ယခင်နှစ်ထက် (၇.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန်အားဖြင့် (၅.၂၈) ဘီလီယံအထိ ရှိခဲ့ကြောင်း၊ ပေ (၂၀) ကွန်တိန်နာ (၉၅.၄၃) သန်းရှိခဲ့ပြီး ယခင်နှစ်ထက် (၄.၈) ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ်နိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရှိရပါသည်။

ဆိပ်ကမ်းလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ညွှန်ပြနေသည့် သင်္ကေတတစ်ခုဖြစ်ပြီး ဆိပ်ကမ်းများနှင့် နိုင်ငံခြားကုန်သွယ်မှုသည် ဆက်စပ်နေသည်ဟု China Ports & Harbors Association ၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Chen Yingming က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

GACC မှ ထုတ်ပြန်သော အချက်အလက်များအရ တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသည် ယခုနှစ် ပထမငါးလတွင် (၉.၉) ရာခိုင်နှုန်း မြင့် တက်ခဲ့ပြီး ယွမ် (၂.၅၉) ထရီလီယံသို့ ရောက်ရှိခဲ့ရာ ပို့ကုန်အနေဖြင့် (၁၆.၄) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Beibu Gulf Port သည် တရုတ်နိုင်ငံ၏ အနောက်ဘက်ခြမ်းနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား အပြန်အလှန်ဆက်သွယ်နိုင်ရေးအတွက် အချက်အချာကျသော ဆိပ်ကမ်းတစ်ခုဖြစ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့မှု ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ကုန်စည်စီးဆင်းမှုတွင် အံ့မခန်းတိုးတက်မှုကိုရရှိခဲ့ကြောင်း သိရှိရပါသည်။

Beibu Gulf Port သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း (၁၀၀) ကျော်ရှိ ဆိပ်ကမ်းပေါင်း (၂၀၀) ကျော်ကို ချိတ်ဆက်ထားရာ အာဆီယံအဖွဲ့ဝင်များ၏ ဆိပ်ကမ်းများကို အပြည့်အဝ ချိတ်ဆက်ထားနိုင်ကြောင်း Beibu Gulf Port Group ၏ ဥက္ကဋ္ဌ Li Yanqiang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဆိပ်ကမ်းသည် ပထဝီဝင်အနေအထားအရ ကမ္ဘာ့ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်မှုတွင် အလွန်အရေးပါသောနေရာ၌ တည်ရှိနေကြောင်းနှင့် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသည် ဆိပ်ကမ်းတွင် ကုန်စည်ဝင်ရောက်မှု စဉ်ဆက်မပြတ်မြင့်တက်လာခြင်း၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း Li က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။   

Source:https://english.news.cn/20230618/6e41a146985f44458e11fbe5f9c3cc7e/c.html

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: International News