International News

ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းမှုမရှိသေးဘဲ မြန်မာ့ရေခဲရိုက်ငါးသလောက်များ ဈေးကွက်အတွင်း နေရာယူလာသဖြင့် ကော်လ်ကတ္တားတွင် ငါးသလောက်လတ်လတ်ဆတ်ဆတ် ရှားပါးနေ

Last Updated:

ယခုနှစ်မိုးရာသီတွင် ကော်လ်ကတ္တားမြို့၌ လတ်ဆတ်သောငါးသလောက်ကို စားသုံးလေ့ရှိသည့်အစဉ်အလာမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်းသိရသည်။ ဂျာမိုင်းဆပ်ရှ်သီပွဲတော်ကာလ စားပွဲဝိုင်းများတွင် အအေးခန်းသုံးရေခဲရိုက်ငါးများသာကြီးစိုးခဲ့ပြီး လက်ရှိအချိန်အထိ ထိုအတိုင်းပင်ဖြစ်နေဆဲဖြစ်သည်။ ငါးသလောက်ရာသီရောက်ရှိနေပြီဖြစ်သော်လည်း မြို့အနှံ့ရှိငါးဈေးများတွင် လတ်ဆတ်သောငါးသလောက်ရရှိမှုအလွန်နည်းပါးနေသဖြင့် ဈေးသည် အများစုမှာ မြန်မာ့ရေခဲရိုက်ငါးများကိုသာ အားကိုးရောင်းချနေရကြောင်း သိရသည်။

ယခုကဲ့သို့ရှားပါးမှုကြောင့် ကော်လ်ကတ္တားမြို့မဈေးကြီးများသို့ရောက်ရှိလာသည့် လတ်ဆတ်သောငါးအနည်းငယ် ၏ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိသည်။ ၁ ကီလိုဂရမ်ကျော်အလေးချိန်ရှိသော ငါးသလောက်တစ်ကောင်လျှင် ရူပီး ၂,၂၀၀ မှ ၂,၈၀၀ ကြားရှိနေသည်။ လိတ်ခ်မားကတ်၊ ဂါရီယာဟတ်၊ ဘီဟာလာနှင့် မာနစ်ခ်တာလာဈေးများရှိ ငါးကုန်သည်များ၏ပြောကြားချက်အရ လတ်ဆတ်သော ငါးသလောက်များမှာ ဈေးနှုန်းကြီးမြင့်ပြီး အရေအတွက်အနည်းငယ်သာဝင်ရောက်နေကြောင်းသိရသည်။ ရောင်းချ နေသည့်ငါးအများစုမှာ သီတင်းပတ်ပေါင်းများစွာ အအေးခန်းထဲတွင် သိမ်းဆည်းထားသည့်ငါးများသာဖြစ်သည်။ ထို့ပြင် ဘင်္ဂါလီလူမျိုးများအကြိုက်ဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပဒမာ မြစ်ထွက်ငါးသလောက်များမှာလည်း မြို့တွင်းဈေးကွက်များသို့ ဝင်ရောက်ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒူဂါပူဂျာပွဲတော်မတိုင်မီက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယသို့ ငါးသလောက်တန်ချိန် ၁,၂၀၀ တင်ပို့ခွင့်ပြုခဲ့သဖြင့် ကော်လ်ကတ္တားတွင် ပဒမာငါးသလောက်ရရှိခဲ့ဖူးကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ် ပွဲတော်ကာလအတွင်း ငါးသလောက်တင်ပို့မှုကို အစပိုင်းတွင် ပိတ်ပင်ခဲ့ပြီးနောက်ပိုင်းမှသာ တစ်စိတ်တစ်ပိုင်းပြန်လည်ဖြေလျှော့ပေးခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုကဲ့သို့တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ငါးကုန်သည်တစ်ဦး၏ပြောကြားချက်အရ ယခင်နှစ်များတွင် မိုးရာသီရောက်ပါက မည်သည့်ငါးဈေးတွင်မဆို ငါးသလောက်အမြောက်အမြား တွေ့ရလေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးသည်တစ်ဦးလျှင် သုံးလေးကောင်ခန့်သာရောင်းချနိုင်တော့ကြောင်းသိရသည်။ ထို့ပြင် အရသာပိုင်းကြောင့် အအေးခန်းငါးကို ဝယ်ယူသူနည်းပါးလှသဖြင့် နောက်ထပ်လည်း ပိုမိုရရှိရန်မမျှော်လင့်ရဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ကားဖြန့်ချိရေးကွင်းဆက်မှ ကုန်သည်များ၏ပြောပြချက်အရ ဖမ်းဆီးရမိမှုနည်းပါးခြင်းကြောင့် ယခုကဲ့သို့ရှားပါးရခြင်းဖြစ်သည်။ ဒိုင်းမွန်းဟာဘာမှ ငါးကုန်သည်တစ်ဦးက ပွဲတော်ကာလမတိုင်မီက ကမ်းဝေးငါးဖမ်းလှေများ ပင်လယ်ထဲထွက်ခွာခဲ့ကြသော်လည်း ဖမ်းဆီးရမိမှု မရှိသလောက်ဖြစ်ခဲ့ကြောင်းပြောသည်။ ၎င်းတို့၏အတွေ့ အကြုံအရ ယင်းမှာ မိုးရွာသွန်းမှုမလုံလောက်ခြင်းနှင့် သက်ဆိုင်နိုင်ပြီး၊ မိုးကောင်းကောင်းရွာသွန်းပြီး ရေ၏ဆားငန်နှုန်း လျော့ကျသွားမှသာ ငါးသလောက်များအထက်သို့ ဆန်တက်လာလေ့ရှိကြောင်း၊ ရေထဲတွင် ဆားငန်အမြှုပ်များရှိနေပါက ပိုက်အတွင်း ဝင်ရောက်ခြင်းမရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

သို့သော်လည်း လက်လီရောင်းချသူများကမူ ငါးများမှာ ရေခဲရိုက်ထားသည့်တိုင် ရရှိနိုင်မှုနည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်းပြောသည်။ မာနစ်ခ်တာလာဈေးမှ ငါးကုန်သည် ဂျီတူစင်း၏ပြောကြားချက်အရ ယခုအပတ်အတွင်း ငါးအဝင်အလွန်နည်းပါးနေပြီး ရှိသမျှငါးများမှာလည်း မြန်မာနိုင်ငံမှ တင်သွင်းသည့်အအေးခန်းငါးများသာဖြစ်ကြောင်း၊ ပွဲတော်ကာလမတိုင်မီကတည်းက ငါးအဝင်နည်းခဲ့ကာ လက်ရှိတွင် ၁.၁ ကီလိုဂရမ်ခန့်ရှိသော ငါးတစ်ကောင်လျှင် ရူပီး ၁,၄၀၀ နီးပါးပေါက်ဈေးရှိနေကြောင်း သိရှိရသည်။

Source: : Fresh ilish scarce in Kolkata as frozen Myanmar hilsa fills markets; no Bangladesh consignment so far

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News