International News

ဒီဇယ်ဆီအတွက် အထောက်အပံ့ပေးမှု (Subsidy) ယခင်အတိုင်းရှိစေရေး ထိုင်းနိုင်ငံ၊ Oil Fuel Fund Office (Offo) ဆောင်ရွက်

Last Updated:

ပြည်တွင်း ဒီဇယ်ဆီဈေးနှုန်း ၃၂ ဘတ်အတိုင်း ရှိစေရေးအတွက် Oil Fuel Fund ကို ဆက်လက် သုံးစွဲရန် အာဏာပိုင်များက ဆုံးဖြတ်လိုက်ကြောင်း၊ ယခင်က ဒီဇယ်အပေါ် အခွန် ၅ ဘတ် ကင်းလွတ် ခွင့် ပေးခြင်းသည် ဇူလိုင်လ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကြောင်း Oil Fuel Fund Office (Offo) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Wisak Watanasap က ပြောကြားလိုက်ပါသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ မော်တော်ယာဉ်မောင်းနှင်သူများထံမှ ကောက်ခံမည့် အခွန်အတွက် တစ်လီတာလျှင် ၄ ဘတ်ကို Oil Fuel Fund Office (Offo)က ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စင်ကာပူ၏ Platts ရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ ဒီဇယ်ဆီ ၁ လီတာလျှင် ၁ ဘတ် နှင့် ၂ ဘတ်ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးခြင်းသည် ဒီဇယ်ဈေးနှုန်းကို ၃၂ ဘတ်တွင် ရှိစေရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ဒီဇယ်ရည်ညွှန်းဈေး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ထက်မကျော်လွန်နေသမျှ ကာလပတ်လုံး အထောက်အပံ့ပေးသည့် အစီအစဉ်ဖြင့် ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ မီသိုင်း အက်စတာ (methyl ester) မှ ရရှိသော စားအုန်းဆီကို ဒီဇယ်ဆီနှင့် ရောနှောပါက ဘိုင်အိုဒီဇယ် ရရှိနိုင်ပြီး အစိုးရ ၏ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျော့နည်းစေရုံသာမက နိုင်ငံအတွင်းရှိ စားအုန်းဆီရောင်းအားကိုလည်း အထောက်အကူပြုရာ ရောက်ပါကြောင်း Mr. Wisak က ဆိုပါသည်။

ဒီဇယ် ၁ လီတာလျှင် ၁.၆၅ ဘတ် အထောက်အပံ့ပေးခြင်းသည် နေ့စဉ် ဘတ် ၁၄.၅ သန်းကို Offo ၏ ရန်ပုံငွေက သုံးစွဲရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆီဈေးနှုန်းမြင့်တက်မှု၏ သက်ရောက် မှုကို သက်သာစေရန်အတွက် Prayut Chan-o-cha အစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍  ဒီဇယ်ခွန်ကင်းလွတ်ခွင့် ပေးခဲ့ကြောင်း၊ ယင်းကြောင့် အစိုးရအနေဖြင့် အခွန် ဘတ် ၁၅၈ သန်း ဆုံးရှုံးခဲ့ရကြောင်း Mr. Wisak ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆက်လက်၍ Mr. Wisak က Liquefied Petroleum Gas -LPG ဈေးနှုန်းသည် ကမ္ဘာနှင့်အဝှမ်း ကျဆင်းလာပြီးဖြစ်သည့်အတွက် ဘဏ္ဍာရန်ပုံငွေမှ LPG အတွက် အထောက်အပံ့ပေးရန် မလိုအပ်တော့ကြောင်း ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News