International News

The University of Thai Chamber of Commerce (UTCC) က ထိုင်းပို့ကုန် ၂.၅ ရာခိုင်နှုန်းထိ ကျုံ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်း

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွင်း ၁.၂ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်းကြား ကျုံ့နိုင်ဖွယ်ရှိ သည်ဟု ထိုင်းနိုင်ငံ၊ The University of Thai Chamber of Commerce (UTCC) က ခန့်မှန်းထား ကြောင်း၊ ယင်း ရာခိုင်နှုန်းများသည် ၃ နှစ်အတွင်း အနိမ့်ဆုံးအဆင့် ဖြစ်ကြောင်း သိရှိရပါသည်။နိုင်ငံအနေဖြင့် ယခုနှစ်၏ ကျန်သည့်လများအတွင်း တောင့်ခံရမည့် အချက်များစွာ ရှိပါကြောင်း၊ အစိုးရသစ်ဖွဲ့စည်းမှုနှောင့်နှေးနေမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများ၊ ငွေလဲလှယ်နှုန်းထားများ အတက်အကျဖြစ်နေမှု၊ တရုတ်၏ GDP တိုးတက်မှုနှုန်း မှန်းထားသည်ထက် နှေးကွေးနေမှု၊ ကုန်သွယ်ဖက်နိုင်ငံများ၏ အလုပ်လက်မဲ့ဦးရေနှုန်း မြင့်တက်လာမှု၊ အမေရိကန်၏ ဖယ်ဒရယ်အရန်ဘဏ္ဍာ၏ အတိုးနှုန်းမြင့်တက်သည့် မူဝါဒကြောင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်မှု စသည်တို့ဖြစ်ကြောင်း၊ အယ်လ်နီညို ရာသီဥတု၏ သက်ရောက်မှုကြောင့် လယ်ယာစိုက်ပျိုးရေး ပို့ကုန်တွင် ပြင်းထန်စွာ ရိုက်ခတ်မှုရှိနိုင်ကြောင်း၊ ဆီထုတ်လုပ်သည့်နိုင်ငံများ၏ ထုတ်လုပ်မှုစွမ်းရည်ကို လျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာနှင့်အဝှမ်း ရေနံစိမ်းဈေးနှုန်းသည်လည်း အတက်ဖက်သို့ ဦးတည်နိုင်ကြောင်း UTCC၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလေ့လာမှုစင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Aat Pisanwanich က သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသည် ဓာတ်အားသုံးစွဲခနှင့် နေ့စဉ်အနည်းဆုံးလုပ်ခ လစာများကြောင့် အခြား အာဆီယံနိုင်ငံများထက် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားနေခြင်းသည်လည်း စောင့်ကြည့်ရမည့်အချက် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု သို့မဟုတ် ငွေကြေးဖောင်းပွမှု လျော့နည်းမှု၊ နယ်မြေပဋိပက္ခနှင့် ရှည်ကြာနေသော ရုရှား-ယူကရိန်း ပဋိပက္ခတို့သည်လည်း ပို့ကုန်အပေါ် သက် ရောက်နိုင်ကြောင်း ၎င်းကဆိုပါသည်။

ဝယ်ယူနိုင်စွမ်းအား ကျဆင်းမှုကြောင့် တရုတ်နှင့် အမေရိကန်တို့သည် ငွေကြေးဖောင်းပွမှု လျော့နည်းမှုကို ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဘရာဇီး၊ ရုရှား၊ အာရှအလယ်ပိုင်းနှင့် အိန္ဒိယတို့ကဲ့သို့ ဈေးကွက်များသို့ ပို့ကုန်ဈေးကွက် ချဲ့ထွင်သင့် ကြောင်း၊ အိန္ဒိယဈေးကွက်သည် တရုတ်ဈေးကွက်နေရာတွင် အစားထိုးနိုင်သည့် ဈေးကွက်အရွယ် အစားရှိကြောင်း Mr. Aat က အကြံပြုထားပါသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်ပထမ ၅ လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁၆ ဘီလီယံ ဖြစ်ကြောင်း၊ ၅.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါ  ကြောင်း၊  သွင်းကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံ ဖြစ်ပြီး ၂.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ပါကြောင်း၊ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၆.၃၆ ဘီလီယံဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။  

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊၊ ဗန်ကောက်မြို့)  

Category: International News