International News

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့နိုင်မှုသည် ယခုနှစ်အတွင်း တန်ချိန် ၈.၈ သန်းထိရောက်ရှိနိုင်မည်ဟု ဆန်ပို့ကုန်လုပ်ငန်းရှင်များကခန့်မှန်း

Last Updated:

ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့နိုင်မှုသည် အင်ဒိုနီးရှားနိုင်ငံ၏ မှာယူမှုမြင့်တက်လာမှုကြောင့် တန်ချိန် ၈.၇-၈.၈ သန်းထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း ဆန်ဈေးမြင့်တက်လာမှုနှင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပို့ကုန်ပမာဏ မြင့်တက်လာခြင်းတို့ကြောင့် ဆန်ပို့ကုန်တန်ဖိုးကို ဘတ် ၁၈၀ ဘီလီယံခန့်မှန်းခဲ့ပါကြောင်း၊ရာသီဥတု ကောင်းမွန်မှုကြောင့် ပို့ဆောင်ရေးတွင် နှောင့်နှေးမှုမရှိခဲ့ပါကြောင်း၊ အဓိကဝယ်ယူသူများမှာ တန်ချိန် ၁.၃ သန်း တင်သွင်းပြီးဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်မှ တန်ချိန် ၅၀၀,၀၀၀ ဖြစ်ကြောင်း၊ ယခုနှစ်တွင်အင်ဒိုနီးရှားမှ ထိုင်းဆန်တန်ချိန် ၂ သန်းကိုဝယ်ယူရန်ကတိပြုခဲ့သည်ဟု ဝန်ကြီးချုပ်၏အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ ထပ်မံဝယ်ယူမည့် ၁ သန်းအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း သို့မဟုတ် အစိုးရအချင်းချင်းပုံစံဖြစ်နိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူMr.Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ အစားအစာဝယ်ယူရေးအေဂျင်စီ Bulog က ၅ ရာခိုင်နှုန်း ဆန်ဖြူတန်ချိန် ၅၄၀,၀၀၀ ဝယ်ယူရေးအတွက် တင်ဒါခေါ်ယူခဲ့ပြီး တန်ချိန် ၂၀၀,၀၀၀ ကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ပါကြောင်း၊ အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ၃ သန်းနှင့် လာမည့်နှစ်တွင် တန်ချိန် ၁-၁.၅ သန်း တင်သွင်းရန် လျာထားပါကြောင်း၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်သဖြင့် အများစုကို ထိုင်းနိုင်ငံမှ တင်သွင်းမည်ဖြစ် ကြောင်း Mr. Chookiat က ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ် ပထမ ၁၀ လအတွင်းထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၆.၉၂ သန်းဖြစ်ပြီး ဘတ် ၁၃၆ ဘီလီယံရှိကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားမှုအရ သိရှိရပါသည်။

 

 

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News