International News

လယ်ယာမြေများကို မီးရှို့သောအလေ့အထရှိသည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

လယ်ယာမြေများကို မီးရှို့သည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းခွင့်ကို ပိတ်ပင်သွားရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မီးခိုးမြူပြဿနာကို လျော့ပါးစေရန်ဖြစ်ကြောင်း၊ မီးရှို့မှုဖြစ်ပွားသည့် နိုင်ငံများမှ တင်ပို့လာသည့် ပြောင်းများကို ပိတ်ပင်သည့် အမိန့်ကြော်ငြာစာတစ်စောင်ထုတ်ပြန်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား လမ်းညွှန်မှာကြားပြီး ဖြစ်ပါကြောင်း၊ အစိုးရ၏ လေထုညစ်ညမ်းမှုအပေါ် စိုးရိမ်နေသည်ကို ပြသရာလည်း ရောက်ပါကြောင်း၊ ဂြိုဟ်တုပုံရိပ်များမှတစ်ဆင့် ပြောင်းစိုက်ပျိုးရာ နေရာများကို နှိုင်းယှဉ်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့သည်။

တင်သွင်းမှုပိတ်ပင်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့် လိုက်နာရမည်ဖြစ်ကြောင်း၊ ပြဌာန်းချက်သည် ယခုနှစ်အတွင်း ထွက်ရှိလာနိုင်သည့် သန့်ရှင်းသောလေအက်ဥပဒေ (Clear Air Act) ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ နှစ်စဉ်ပြောင်းဝယ်လိုအားသည် တန်ချိန် ၈.၉ သန်း ဖြစ်ပြီး နိုင်ငံအတွင်း၌ တန်ချိန် ၄.၉ သန်း စိုက်ပျိုးထွက်ရှိပါကြောင်း၊ လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများမှ တန်ချိန် ၁.၆ သန်း တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ တန်ချိန် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀၊ လာအိုနိုင်ငံမှ တန်ချိန် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ နှင့် ကမ္ဘောဒီးယားနိုင်ငံမှ တန်ချိန် ၁၀၀,၀၀၀ ဖြစ်ကြောင်း၊ တန်ချိန် ၂ သန်း ကျော်ကို အခြားနိုင်ငံများမှ ဝယ်ယူတင်သွင်းပြီး ဘရာဇီးနိုင်ငံမှ အများဆုံးဖြစ် ကြောင်း သိရှိရပါသည်။

အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းမှုကန့်သတ်ခြင်းနှင့် ပိတ်ပင်ခြင်းအတွက် အထောက်အကူဖြစ်မည့် အစီအမံများအတွက် လယ်ယာမီးရှို့ခြင်းနှင့် ချိတ်ဆက်နေသည့် အထောက်အထားများကို တင်ပြသွားရမည်ဖြစ်ကြောင်း၊ ယင်းအစီအမံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံတကာကုန်သွယ်ရေး သဘောတူစာချုပ်များနှင့် ကိုက်ညီရန် အရေးကြီးပါကြောင်း၊ အစီအမံများသည် လယ်ယာမြေ မီးရှို့မှု အမြင့်ဆုံးဖြစ်သည့် ကာလအတွင်း မြူခိုးကြောင့်လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ရည်ရွယ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန်အက်ဥပဒေကိုလည်း လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mr. Srettha Thavisin က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိမ်နီးချင်းနိုင်ငံများ၏ သီးနှံစိုက်ပျိုးသည့် နေရာများကို မီးရှို့လေ့ရှိသည့် အလေ့အထသည် နယ်စပ်ဖြတ်ကျော်မြူမှုန်ပြဿနာကို ဖြစ်စေနိုင်ပြီး ထိုင်းနိုင်ငံကို ထိခိုက်လာနိုင်ကြောင်း၊ ဝန်ကြီးချုပ်က လယ်ယာမြေမီးရှို့သည့် နိုင်ငံများမှ ပြောင်းကို ဆက်လက်မတင်သွင်းလိုတော့ကြောင်း၊ ပြောင်းတင် သွင်းခွင့် ပိတ်ပင်မည့်အပေါ် အစိုးရအဖွဲ့ဝင်အချို့က ကန့်ကွက်ကြကြောင်း သိရှိရပါသည်။

သန့်ရှင်းသောလေအက်ဥပဒေ အသက်မဝင်မီ သွင်းကုန်ပိတ်ပင်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်ရာရောက်ပါကြောင်း၊ အခြားနိုင်ငံများ၏ လယ်ယာမြေမီးရှို့မှုကို ရပ်တန့်စေလိုသည့် ထိုင်းနိုင်ငံကိုယ်တိုင်လည်း မီးရှို့ခြင်းကို ရပ်တန့်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisanpang က အကြံပြု ဆွေးနွေး ပါသည်။

ထိုင်းနိုင်ငံတွင် မြူခိုးများ ထူထပ်ပြီး PM 2.5 ပြဿနာအပေါ် စောင့်ကြည့်ရသည့် အနေအထားဖြစ်ပေါ်လျက်ရှိပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများမှ လယ်ယာမြေမီးရှို့သည့် အလေ့အထ ကြောင့် နယ်စပ်ဖြတ်ကျော်မြူခိုးပြဿနာအတွက် ထည့်သွင်းစဉ်းစားခြင်းကြောင့် လယ်ယာမြေ မီးရှို့သည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းခြင်းကို ပိတ်ပင်သွားရန် စဉ်းစားခြင်းဖြစ်ပါသည်။ ယင်းသို့ပိတ်ပင်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်နေကြောင်း အချို့က ထောက်ပြဆွေးနွေးကြပြီး သန့်ရှင်းသော လေအက်ဥပဒေ အသက်ဝင်သည့်အချိန်အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း  သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Category: International News